အတိတ်ဟောင်းတွေနဲ့ လက်ရှိ ထိုင်း-မြန်မာ ဆက်ဆံရေး

ပို့စ်တင်ချိန် - 3/04/2014 07:37:00 PM


ပြီးခဲ့သည့်နှစ် သင်္ကြန်ကာလက ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်ကို မစ္စတာ သက်ဆင် အတာရေ လောင်းနေစဉ် (ဓာတ်ပုံ – Thaksin / Facebook)

သက်ဆင်ရှင်နာဝပ် ဝန်ကြီးချုပ်ဖြစ်လာပြီးနောက်ပိုင်းမှာ ထိုင်း – မြန်မာ ၂ နိုင်ငံ ဆက်ဆံရေးဟာ စိတ်ဝင်စားစရာ ကောင်းလာခဲ့ ပါတယ်။ အဲဒီ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ အရင်က မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေနဲ့ နီးနီးကပ်ကပ် ဆက်ဆံမှုတွေလည်း ရှိခဲ့ပါတယ်။

သက်ဆင် ထိုင်းဝန်ကြီးချုပ် တာဝန်ယူခဲ့စဉ်က အိမ်နီးချင်း နိုင်ငံတွေနဲ့ ဆက်ဆံရေး ကောင်းမွန်ခဲ့ပြီး အထူးသဖြင့် မြန်မာ နိုင်ငံမှာ အဲဒီအချိန်က စစ်အစိုးရခေါင်ဆောင် တဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန်နဲ့ ဆက်သွယ်ရေး လုပ်ငန်းတွေမှာ ငွေအလုံးအရင်းနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ထိုင်း အစိုးရက အရင် မြန်မာစစ်အစိုးရ အာဏာပိုင်တွေကို ဒေသတွင်း စီးပွားရေး ပူးပေါင်း ဆောင်ရွက်ဖို့ အမေရိကန် ဒေါ်လာ ၄၅ သန်း ချေးပေးခဲ့တယ်လို့လည်း သိရပါတယ်။

ဒါပေမယ့် ၂၀၀၆ ခုနှစ်မှာတော့ ထိုင်းစစ်တပ်က အာဏာသိမ်းလိုက်ပြီး ၀န်ကြီးချုပ် သက်ဆင်လည်း ပြည်ပနိုင်ငံကို ထွက်ပြေး တိမ်း ရှောင်ခဲ့ရပါတယ်။

ဒီမိုကရက်ပါတီ ခေါင်းဆောင် အဖိဆစ် ဝေ့ချာချီဝက ထိုင်းဝန်ကြီးချုပ် ဖြစ်လာပါတယ်။

အဲဒီနောက်ပိုင်း ထိုင်း အာဏာသိမ်း စစ်ကောင်စီကနေ ကြီးမှူးကျင်းပပေးတဲ့ ရွေးကောက်ပွဲမှာ သက်ဆင်ရဲ့ထိုင်းရတ်ထိုင်း ပါတီ တဖြစ်လဲ ဖုယာ့ထိုင်းပါတီက အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် ဖုယာ့ထိုင်းပါတီ (Pheu Thai Party)ကို ညီမဖြစ်သူ ယင့်လတ် ရှင်နာဝပ်က ဦးဆောင်ပြီးနောက် ၄၉ ရက်အကြာမှာ ၀န်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။

ယင့်လတ် ၀န်ကြီးချုပ် သက်တမ်း တလျှောက် မြန်မာ အပါအ၀င် အိမ်နီးချင် နိုင်ငံတွေနဲ့ ဆက်ဆံရေး ပြေလည်စေဖို့ အစ်ကိုဖြစ်သူ သက်ဆင်က မြန်မာ အပါအ၀င် စင်ကာပူနိုင်ငံတွေမှာ နေထိုင်ပြီး အဓိက စီစဉ်နေခဲ့တယ်လို့ ထိုင်းနိုင်ငံရေး လေ့လာတဲ့ သူတွေက ဝေဖန် ကြပါတယ်။

ထူးခြားတာက ထိုင်းနိုင်ငံရဲ့ အဂတိလိုက်စားမှု၊ အာဏာ အလွဲသုံးစားမှုတွေနဲ့ တိမ်းရှောင်နေရတဲ့ သက်ဆင်ဟာ အရင် မြန်မာ စစ် အစိုးရ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ၂ ကြိမ် တွေ့ဆုံခဲ့တယ်လို့ သတင်းတွေထွက်ခဲ့သလို အခု အစိုးရလက်ထက် မှာ လည်း သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

အလားတူ တချို့ အတည်ပြုလို့ မရတဲ့ သတင်းတွေအရ ဆယ်စုနှစ် ၂ ခုနီးပါးကြာ နေအိမ် အကျယ်ချုပ်နဲ့ နေခဲ့ရသူ မြန်မာ့ ဒီမိုက ရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး ခရီးစဉ်ဖြစ်တဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကမ္ဘာ့စီးပွားရေးဖိုရမ် အစည်း အဝေး တက်ရောက်ခဲ့စဉ် ယင့်လတ်နဲ့ တွေ့ဆုံဖို့ကိုလည်း သက်ဆင်က စီစဉ်ခဲ့တယ်လို့ ကြားသိရပါတယ်။

အဲဒီအပြင် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ ပတ်သက်ပြီးတော့လည်း ထိုင်းနိုင်ငံအနေနဲ့ အဓိက အခန်းကဏ္ဍမှာ ပါဝင်နိုင်ခွင့် ရရှိရေး၊ ထိုင်း-မြန်မာ နယ်စပ်ဂိတ် ပုံမှန်အခြေအနေနဲ့ နယ်စပ်ကုန်သွယ်ရေး အရှိန်မြှင့်တင်ရေး ကိစ္စတွေမှာ သက်ဆင်က အစိုးရ ခေါင်း ဆောင်တချို့နဲ့ ညီမဖြစ်သူ ယင့်လတ်ကို ချိတ်ဆက်ကြိုးစားပေးခဲ့တယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာပါသေးတယ်။

လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်းကတော့ ပြည်ပြေး ၀န်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ ထိုင်း ဒု ကာကွယ်ရေး ၀န်ကြီး Yutthasak Sasiprapa တို့ ဟောင်ကောင်မှာ တိတ်တဆိတ် တွေ့ဆုံပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပတ်သက်လို့ ပြောဆိုခဲ့ တယ်လို့ ယူဆရတဲ့ အသံဖိုင် တခု ထွက်ပေါ်လာပါတယ်။

အဲဒီ အသံဖိုင်ကြောင့် ထိုင်း လက်ထောက် ကာကွယ်ရေး ၀န်ကြီးက ထိုင်း မီဒီယာတွေ အနေနဲ့ ထိုင်း-မြန်မာ ၂ နိုင်ငံ ဆက်ဆံရေး ကို ထိခိုက်မယ့် ရေးသား တင်ပြမှုတွေကို ဆင်ခြင်ဖို့ သတိပေးခဲ့ပါတယ်။ အဲဒီ သတိပေးချက်ဟာ မူလက မရေမရာ ဖြစ်နေတဲ့ အသံဖိုင်ကို အတည်ပြုပေးလိုက် သလိုပါပဲ။

အသံဖိုင်မှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သမ္မတ ဦးသိန်းစိန်ရဲ့လူယုံတော်၊ စစ်တပ်ကို ထိန်းချုပ်ထားနိုင်တဲ့ အတွက် သြဇာ အာဏာနဲ့ ငွေကြေးချမ်းသာသူ၊ ဒါကြောင့် သူ့ကို အပိုင်စည်းရုံးထားနိုင်ရင် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းကိုရရှိမှာ ဖြစ် တယ် ဆိုတဲ့ ဆွေးနွေးချက်တွေ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့နှစ် မေလကုန်ပိုင်းကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မြန်မာ-ထိုင်း တပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရေး တိုး တက်အောင် လုပ်ဆောင်နိုင်ခဲ့လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ထိုင်း ဘုရင်မင်းမြတ်က တော်ဝင်ဘွဲ့တံဆိပ် ချီးမြှင့် လိုက်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းမှာ လာရောက် ရင်းနှီးမြှုပ်နှံဖို့ ထိုင်းအစိုးရနဲ့ လုပ်ငန်း ရှင်တွေကို ဖိတ်ခေါ်ခဲ့ပါတယ်။ သက်ဆင်ဟာ လက်ရှိ ထိုင်းအစိုးရရဲ့ နောက်ကွယ်မှာ ရှိနေတယ်ဆိုတဲ့ စွပ်စွဲမှုတွေလည်း အတော် များပါတယ်။

၂၀၁၃ ခုနှစ်က မြန်မာပြည်မှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ယင့်လတ် တွေ့ဆုံခဲ့တဲ့ ခရီးစဉ်နဲ့ ပတ် သက် ပြီးတော့လည်း ထိုင်း သတင်း မီဒီယာ တော်တော်များများက ထိုင်း-မြန်မာ စစ်ဖက်ဆိုင်ရာ ဆက်ဆံရေး နွေးထွေးတဲ့ အခြေ အနေ ဖြစ်လာပြီလို့ ရေးသား ဖော်ပြ ကြပါတယ်။

ထိုင်းအစိုးရ ထုတ်ပြန်ချက်အရ ထိုင်း-မြန်မာ နယ်စပ် စည်းမျဉ်းနဲ့ လုံခြုံရေး ပူးတွဲဆောင်ရွက်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ရာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဘောတူ ထောက်ခံခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအချိန်က ယင့်လတ်ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ တင်ထားတဲ့ တွေ့ဆုံမှု ဓာတ်ပုံတွေကို ထောက်ပြပြီး နှစ်ဦးကြား ဆက်ဆံ ရေးသည် ဟန်ဆောင်မှု မပါသော အပြုံးတွေ ဝေဆာနေတယ်လို့ ရေးသား ဖော်ပြကြပါတယ်။

ထိုင်းလုံခြုံရေး အရာရှိတဦးကတော့ ထိုင်းနဲ့ မြန်မာ ဆက်ဆံရေးဟာ ယင့်လတ် အစိုးရလက်ထက်မှာ တော်တော်လေး ကောင်း တယ်လို့ ပြောရမှာပါ၊ ဒါပေမယ့် ရာခိုင်နှုန်း အပြည့် မဟုတ်ဘဲ နယ်စပ် ပြဿနာတွေ အခုထိ ရှိနေသေးတယ်လို့ ထောက်ပြပြော ဆိုပါတယ်။

တဖက်ကလည်း ထိုင်း-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးမှာ သမိုင်းကြွေးနဲ့ ရန်ဘက် ဆက်ဆံရေးမျိုးတွေ ရှိသလို အကျိုးစီးပွားအရေး အတွက် မိတ်ဖက် ဆက်ဆံရေးမျိုးလည်း ရှိပါတယ်။ ထိုင်း-မြန်မာ ၂ နိုင်ငံ ဆက်ဆံရေး နောက်ခံသမိုင်းတွေကလည်း စိတ်ဝင်စား စရာပါ။

တကယ်တော့ ထိုင်းနဲ့ မြန်မာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း လေး၊ ငါး ရာလောက်ကတည်းက ပဋိပက္ခတွေ ရှိခဲ့တဲ့ အပြင် မြန်မာဘုရင် တွေက တိုက်ခိုက် သိမ်းပိုက်မှုတွေ ပြုလုပ်ခဲ့တာ ရှိခဲ့ပါတယ်။ အထင်အရှားဆုံးကတော့ အလောင်းမင်းတရား ဦးအောင်ဇေယျ (နန်းစံ ၁၇၅၂-၁၇၆၀) ကိုယ်တိုင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဟံသာဝတီ ဘုရင် ဘုရင့်နောင် (အေဒီ ၁၅၅၁-၁၅၈၁) ကလည်း ယိုးဒယား (ထိုင်း)ကို သိမ်းပိုက် အောင်ပွဲခံပြီး လက်ရှိ ချင်းမိုင်မြို့ (ခေါ်) ဇင်းမယ်ကိုလည်း မြန်မာ လက်အောက်ခံ အနေနဲ့ အုပ်ချုပ်ခဲ့တဲ့ ရာဇ၀င် သမိုင်းတွေ ဖြစ်ပွားခဲ့တဲ့ အထိပါပဲ။

ထိုင်းနဲ့ မြန်မာဟာ တောင်ငူဘုရင် တပင်ရွှေထီးလက်ထက် ၁၅၄၈- ၄၉ ခုနှစ်မှာ ပထမဆုံး စစ်ပွဲဖြစ်ပွားခဲ့ပြီး ၁၅၉၄-၁၆၀၅ ခုနှစ်မှာ ဒုတိယ အကြိမ်၊ ၁၇၆၅- ၁၇၆၉ ခုနှစ်မှာ တတိယ အကြိမ်အဖြစ် ၂ နိုင်ငံ စစ်ပွဲတွေ ဖြစ်ခဲ့ကြပါတယ်။

အဲဒီ ရန်ကြွေးတွေကြောင့် မြန်မာနိုင်ငံ လွတ်လပ်ရေး မရမီ ဒုတိယ ကမ္ဘာစစ် ကာလ ၁၉၄၁-၄၂ ခုနှစ်က မြန်မာနိုင်ငံ ကယားပြည် နယ် နဲ့ ရှမ်းပြည်နယ်ကို သိမ်း ပိုက်ဖို့ ထိုင်းနိုင်ငံက ဖယာ့ စစ်တပ် (Phayap Army)ကို စေလွှတ်ခဲ့ဖူးပါတယ်။

လက်ရှိ ထိုင်း-မြန်မာ သံတမန် ဆက်ဆံရေးဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်က စတင်ခဲ့တာ အခုနှစ် ဆိုရင် ၆၆ နှစ် ထဲကို ရောက်နေပါပြီ။ ၆၆ နှစ်တာ ကာလတလျှောက် နယ်စပ် ပြဿနာ၊ မူးယစ်ဆေးဝါး ပြဿနာ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း၊ ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး ထိုင်း အစိုးရနဲ့ မြန်မာအစိုးရကြား တင်းမာမှုတွေ ရှိခဲ့ပါတယ်။

၁၉၈၈ ခုနှစ်နောက်ပိုင်း ထိုင်းဝန်ကြီးချုပ် မစ္စတာချာဗလစ် ယောင်ချိုင်ယုဒ် လက်ထက်မှာ ထိုင်းနိုင်ငံကို အခြေ စိုက်ပြီး မြန်မာ့ ဒီမိုကရေစီ အရေး လှုပ်ရှားနေကြတဲ့ သူတွေကို  မြန်မာ စစ်အစိုးရက ဖိအားပေးခဲ့ပါတယ်။

အထူးသဖြင့် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ ကိစ္စနဲ့ မြန်မာနိုင်ငံက ထွက်ခွာလာပြီး ထိုင်း-မြန်မာ နယ်စပ်တွေမှာ ပြန်လည် လှုပ်ရှားနေသူတွေအနေနဲ့ ခက်ခဲတဲ့ ဖြတ်သန်းမူ ပေါင်းစုံကို ကျော်ဖြတ်ခဲ့ရပါတယ်။

မစ္စတာ ချာဗလစ် ၀န်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့စဉ်က အရင် မြန်မာစစ်အစိုးရကို လက်နက်ကိုင် ဆန့်ကျင်နေတဲ့ ကျောင်းသား တွေ ကို မြန်မာနိုင်ငံထဲကို ပြန်လည် နှင်ထုတ်ခဲ့ပြီး အပြန်အလှန် ကျေးဇူးပြုတဲ့ အနေနဲ့ ထိုင်းအစိုးရကို မြန်မာ့ရေပိုင်နက်မှာ ငါးဖမ်းခွင့်ပေးခြင်း၊ နယ်စပ်ဒေသမှာ သစ်ထုတ်လုပ်ခွင့်ပေးခြင်း စတဲ့ စီးပွားရေး လုပ်ငန်း အခွင့်အလမ်းတွေကို မြန်မာ စစ်အစိုးရက ပြန်လည် ပေးအပ်ခဲ့ပါတယ်။

မစ္စတာ ချာဗလစ်က“ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နဲ့ ကျနော်က ညီအစ်ကိုလို ဆက်ဆံရေး ရှိတယ်၊ ဗိုလ်ချုပ်ကြီး သိန်းစိန်နဲ့ ကတော့ မိတ်ဆွေလို ဆက်ဆံရေးမျိုး ရှိပါတယ်”လို့ ၂၀၀၉ ခုနှစ် နိုဝင်ဘာလ မြန်မာပြည် ခရီးစဉ်နဲ့ ပတ်သက်ပြီး သူရဲ့ပြောကြားချက်ကို ဘန်ကောက်ပို့စ် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

မစ္စတာ ချာဗလစ်ဟာ ထိုင်းနိုင်ငံ ကာကွယ်ရေး ဦးချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့တဲ့ ၁၉၈၈ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ အာဏာ သိမ်း စစ်အစိုးရကို ပထမဆုံး စတင်အသိအမှတ်ပြုခဲ့တဲ့ ခေါင်ဆောင်တဦးပါ။

ထိုင်းနိုင်ငံထဲကို မြန်မာ ဒုက္ခသည်၊ အလုပ်သမားတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် လူပေါင်းသန်းနဲ့ချီပြီး ရောက်ရှိနေခဲ့တာလည်း
အခု အချိန်အထိပါပဲ။ ဒီကိစ္စကလည်း ၂ နိုင်ငံ ဆက်ဆံရေးကြားမှာ အဓိက အကြောင်းအရာ ဖြစ်ပါတယ်။

ဒါပေမယ့် ၀န်ကြီးချုပ် ချွန်လီပိုင် (Chuan Leekpai) လက်ထက်မှာ မြန်မာ စစ်အစိုးရနဲ့ ဆက်ဆံရေး မပြေလည်ပေမယ့် ဒီမိုကရေ စီ အရေး၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေအပေါ် စာနာမှု ရှိခဲ့ပါတယ်။

ဝန်ကြီးချုပ် သက်ဆင် ရှင်နာဝပ် လက်ထက်မှာတော့ မြန်မာ စစ်ခေါင်းဆောင်တွေနဲ့ ဆက်ဆံရေး ကောင်းမွန်ခဲ့ပြီး မြန်မာ့ အတိုက် အခံအဖွဲ့တွေနဲ့ ဆက်ဆံရေး အားနည်းခဲ့ပါတယ်။ ထိုင်းမှာ အခြေစိုက်တဲ့ မြန်မာအတိုက်အခံ အဖွဲ့အစည်းတွေကိုလည်း ပြင်းထန်တဲ့ ဖိအားပေးမှုတွေ ရှိခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ လက်ထက်မှာတော့ ၂ နိုင်ငံ ဆက်ဆံရေးမှာ မြန်မာ အတိုက်အခံတွေ အတွက် အသက်ရှုချောင်ခဲ့တယ်။

အခုလို အတိတ်၊ ပစ္စုပ္ပန်ကာလတွေက ထိုင်း-မြန်မာ ၂ နိုင်ငံ ဆက်ဆံရေးတွေမှာ တကယ်ပဲ အနိမ့်၊ အမြင့်တွေ ရှိသလို လူပုဂ္ဂိုလ် တွေ ရဲ့ အခန်းကဏ္ဍတွေကလည်း အဓိက အခန်းက ပါဝင်ပတ်သက်နေတယ် ဆိုတာ အထင်အရှား တွေ့မြင်ခဲ့ရပါတယ်။

ဧရာဝတီ