ရိုဟင်ဂျာဟု ဖြေလျှင် သန်းခေါင်စာရင်း ကောက်ယူမည် မဟုတ်ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ပြောကြား

ပို့စ်တင်ချိန် - 3/30/2014 04:03:00 PM


ရန်ကုန်၊ မတ် ၂၉

မြန်မာနိုင်ငံတွင် နှစ်ပေါင်း သုံးဆယ်ကျော်အတွင်း ပထမဆုံး ကောက်ယူမည့် သန်းခေါင်စာရင်းတွင် ဘင်္ဂါလီများက ရိုဟင်ဂျာဟု ဆိုလျှင် ထည့်သွင်းကောက်ယူသွားမည် မဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

သန်းခေါင်စာရင်း သပိတ်မှောက်ထားသည့် ကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် မတ်လ ၂၉ ရက်နေ့က စစ်တွေမြို့ မြို့မိမြို့ဖများနှင့် တွေ့ဆုံစဉ် ဦးခင်ရီက ယင်းသို့ ပြောဆိုခြင်း ဖြစ်ကြောင်း အဆိုပါ တွေ့ဆုံပွဲ တက်ရောက်ခဲ့သူများထံမှ သိရှိရသည်။

သန်းခေါင်စာရင်း ကောက်ယူရာတွင် ဘင်္ဂါလီဟု မဖြေဆိုဘဲ ရိုဟင်ဂျာဟု ဖြေဆိုပါက ထည့်သွင်းကောက်ယူမည် မဟုတ်ဟု ပြောဆိုသော်လည်း ပြည်ထောင်စုအစိုးရနှင့် ဗဟိုသန်းခေါင်စာရင်း ကော်မရှင်တို့က တရားဝင် သတင်းထုတ်ပြန်ခြင်း၊ တရားဝင် စာထုတ်ပြန်ခြင်း မရှိသဖြင့် သန်းခေါင်စာရင်းကို ဆက်လက် သပိတ်မှောက်မည် ဖြစ်ကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ ကျူးကျော်ဘင်္ဂါလီ သန်းခေါင်စာရင်း နာမည်လိမ် တိုက်ဖျက်ရေးကော်မတီ (စစ်တွေ) မှ ပြန်ကြားရေး ဦးခင်မောင်ကြီးက ပြောကြားသည်။

ရိုဟင်ဂျာ ထည့်သွင်းခွင့် မပြုကြောင်းကို ပြည်ထောင်စုအစိုးရနှင့် ဗဟိုသန်းခေါင်စာရင်း ကော်မရှင်တို့က တရားဝင် ထုတ်ပြန်ပေးရန် တောင်းဆိုခဲ့ရာ ဦးခင်ရီက ပြည်ထောင်စုအစိုးရနှင့် ဗဟိုသန်းခေါင်စာရင်း ကော်မရှင်တို့က တရားဝင် မထုတ်ပြန်နိုင်ခြင်းကို နားလည်ပေးရန် ပြောဆိုခဲ့ပြီး ပြည်နယ်အစိုးရက ကြေညာပေးမည်ဟု ပြောဆိုခဲ့ကြောင်း ၎င်းကဆိုသည်။

“ပြည်နယ်အစိုးရက စာထုတ်ပြန်ရင် ကော်မတီမှာ ဆုံးဖြတ်ပြီး အကြောင်း ပြန်ပေးမယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ စာပေးလာတဲ့အခါ ပြည်နယ်အစိုးရက မဟုတ်ဘဲ ပြည်နယ် လ.ဝ.က ထုတ်ပြန်ချက် ဖြစ်နေတယ်။ ဒါက လုံလောက်တဲ့ အာမခံချက် မဟုတ်ဘူးလို့ ယူဆတဲ့အတွက် ဆက်သပိတ်မှောက်ပါတယ်” ဟု ဦးခင်မောင်ကြီးက ရှင်းပြသည်။

သန်းခေါင်စာရင်း ကောက်ယူခြင်းကို ယနေ့ (မတ်လ ၃၀ရက်နေ့) မှ ဧပြီလ ၁၀ ရက်နေ့အထိ ၁၂ ရက်ကြာ ကောက်ယူမည် ဖြစ်သည်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့် ပြုထားသဖြင့် စစ်တွေမြို့ရှိ နေအိမ်မျက်နှာစာတွင် “သန်းခေါင်စာရင်းကို ဤအိမ်မှ သပိတ်မှောက်ပါသဖြင့် စာရင်းလုံးဝ (လုံးဝ) မကောက်ပါနှင့်” ဆိုသည့် စာရွက်ကို မတ်လ ၂၇ ရက်နေ့တွင် စတင် ကပ်ထားသည့် အပြင် ရပ်ကွက်များတွင်လည်း ဗီနိုင်းများ ထောင်ကာ သန်းခေါင်စာရင်းကို သပိတ်မှောက်ထားကြောင်း၊ အခြား မြို့နယ်များတွင် စာရွက်ကပ် သပိတ်မှောက်မှု စတင်နေပြီ ဖြစ်ကြောင်း ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောကြားသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၀ မြို့နယ်ကျော်တွင် သန်းခေါင်စာရင်းကို သပိတ်မှောက်သည့် အနေနှင့် စီတန်းလမ်းလျှောက် ဆန္ဒပြခဲ့သော်လည်း အစိုးရက တောင်းဆိုချက်ကို မလိုက်လျောသဖြင့် နေအိမ်များတွင် သာသနာ့အလံ လွှင့်ထူကာ ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။

The Voice Weekly