အမေရိကန်ဘက်က ရန်စပြုမူနေသေးသရွေ့ နျူကလီးယား စမ်းသပ်မှုများ ဆက်လုပ်မည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

ပို့စ်တင်ချိန် - 3/31/2014 09:37:00 PM




ပြုံယမ်း၊ မတ် ၃၀

အကယ်၍ အမေရိကန်ပြည်ထောင်စုကသာ မိမိတို့နိုင်ငံအပေါ် ရန်ပြုလိုသည့် မူဝါဒများ ဆက်လက် ကျင့်သုံးသွားမည် ဆိုပါက နျူကလီးယား စမ်းသပ်မှု ပုံစံသစ်များကို မပြုလုပ်ဘဲ နေမည် မဟုတ်ဟု မြောက်ကိုရီးယားနိုင်ငံက ထုတ်ဖော် ပြောဆိုလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။

မြောက်ကိုရီးယားတွင် နျူကလီးယား စမ်းသပ်မှုများကို ပုံစံအသစ်ဖြင့် ပြုလုပ်သွားမည့် အခြေအနေ ရှိနေပြီး အကယ်၍ အမေရိကန် ပြည်ထောင်စုကသာ ရန်ပြုလိုသည့် မူဝါဒများကို ဆက်လက် ကျင့်သုံးနေမည် ဆိုပါက အဆိုပါ စမ်းသပ်မှုများကို လုပ်ဆောင်သွားမည် ဖြစ်သည်ဟု ပြုံယမ်း ကွန်မြူနစ်အစိုးရက သတိပေး ပြောကြားလိုက်ခြင်း ဖြစ်သည်။

“နျူကလီးယား စမ်းသပ်မှုသစ်များကို မပြုလုပ်ဘဲ နေသွားမည် မဟုတ်ပေ။ အကယ်၍ ကိုရီးယားကျွန်းဆွယ် ဒေသတွင် ယမ်းပုံမီးကျ အခြေအနေမျိုး ဖြစ်ပေါ်လာမည် ဆိုပါက အဆိုပါကိစ္စ အဝဝကို အမေရိကန်ပြည်ထောင်စုက တာဝန်ယူရလိမ့်မည် ဖြစ်သည်” ဟု မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန် ကြေညာချက်ကို နိုင်ငံပိုင် KCNA သတင်း ဌာနက ရေးသားဖော်ပြသည်။

မြောက်ကိုရီးယား၏ လတ်တလော တိုက်ချင်းပစ် ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုနှင့် ပတ်သက်၍ လုံခြုံရေးကောင်စီတွင် တံခါးပိတ် ဆွေးနွေးမှုများ ပြုလုပ်ကာ ပြစ်တင် ဝေဖန်ခဲ့ပြီးနောက် ပြုံယမ်း ကွန်မြူနစ် အစိုးရက အထက်ပါအတိုင်း တုံ့ပြန်ပြောဆိုလာခြင်း ဖြစ်သည်။

“မြောက်ကိုရီးယား နိုင်ငံအပေါ် ဖိနှပ်ချုပ်ချယ်နိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စုက လုံခြုံရေးကောင်စီအပေါ် သွေးဆောင်စည်းရုံးနေသေးသရွေ့ ကျွန်ုပ်တို့ကလည်း ကျွန်ုပ်တို့၏ ကာကွယ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်များကို ဆက်လက် ထိန်းသိမ်းသွားမည် ဖြစ်သည်” ဟု မြောက်ကိုရီးယား၏ ကြေညာချက်က ဆိုသည်။

ထို့ပြင် တန်ပြန်ပြုမူရေးနှင့် ပတ်သက်၍လည်း မြောက်ကိုရီးယားဘက်မှ အသင့်ပြင်ဆင်ထားပြီး ဖြစ်သည်ဟု အဆိုပါ ကြေညာချက်က ဆိုသည်။

မြောက်ကိုရီးယားနိုင်ငံသည် ၂၀၀၆ ခုနှစ်တွင် ရိုဒေါင်ဟူသည့် ဒုံးကျည်များ ပစ်လွှတ်ခဲ့ပြီးနောက် သုံးလအကြာတွင် နျူကလီးယား စမ်းသပ်မှုကို ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သည်။

ဒုတိယအကြိမ် နျူကလီးယား စမ်းသပ်မှုကို ၂၀၀၉ ခုနှစ်တွင် ပြုလုပ်ခဲ့ပြီး တတိယအကြိမ် စမ်းသပ်မှုကိုမူ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလက ပြုလုပ်ခဲ့သည်။


The Voice Weekly