တောင်သူလယ်သမား သမဂ္ဂဝင်များ ကော့မှူးမြို့မှာ ဆန္ဒပြ

ပို့စ်တင်ချိန် - 3/24/2014 09:52:00 AM


ရန်ကုန်နဲ့ ဧရာဝတီတိုင်းဒေသကြီး က တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင် လယ်သမား ၃၀၀ ကျော်လောက် ဟာ ဖမ်းဆီးခံတောင်သူတွေ ပြန်လွှတ်ပေးဖို့၊ ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ နဲ့ တရားစွဲခံထားရတဲ့ လယ်ယာမြေအမှုတွေ ဖြေရှင်းပေးဖို့ အတွက် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့မှာ ဒီကနေ့ မနက်ပိုင်းက တောင်းဆိုဆန္ဒပြခဲ့ပါတယ်။

တောင်သူလယ်သမားတွေ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို တာဝန်ရှိသူတွေက မဖြေရှင်းပေးတဲ့အတွက် ဆန္ဒပြတောင်းဆိုတာဖြစ်တယ်လို့ ကော့မှူးမြို့နယ် လက်ခိုက်ကျေးရွာက တောင်သူ ဦးမိုးအောင်က ပြောပါတယ်။

” သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေကို သိမ်းဆည်းခံထားရတာ အများအပြားပေါ့ ကျွန်တော်တို့ ကိုယ်တိုင်လည်း လယ်ယာမြေ သိမ်းဆည်းခံထားရတာ ပါတယ်ပေါ့ နောက်တစ်ချက်က လယ်သမားတွေလည်း နစ်နာဆုံရှုံးတယ်၊ ဘဏ်ငွေကို လယ်သမားတွေက မဆက်နိုင်တဲ့ အခက်အခဲတွေက အများအပြားရှိပါတယ်၊ ဒါကြောင့်မို့ ကော့မှူးမြို့နယ် အုပ်ချုပ် ရေးမှူးတွေက မဖြေရှင်းပေးတဲ့ အတွက် ကျွန်တော်တို့ ဆန္ဒထုတ်ဖော်ခြင်းဖြစ်ပါတယ်”

ဆန္ဒပြသူတွေဟာ ကော့မှူးမြို့နယ် တောင်သူလယ်သမား သမဂ္ဂ သင်တန်းကျောင်းရှေ့ကနေ ဒလ-ကော့မှူး အဝေးပြေးကားလမ်းတလျှောက် ငှက်အော်စမ်း လမ်းဆုံအထိ လမ်းလျှောက်ဆန္ဒပြကြတာ ဖြစ်ပါတယ်။

ဒီနေ့ ဆန္ဒပြပွဲမှာ ကော့မှူး၊ လှိုင်သာယာ၊ ထန်းတပင်၊ မော်လမြိုင်ကျွန်း၊ မအူပင်နဲ့ မြောင်းမြမြို့နယ်က တောင်သူတွေ ပါဝင်ခဲ့ကြပါတယ်။

RFA Burmese