ရာသီပူလာ၍ မိကျောင်းကန်သပိတ်စခန်းတွင် ကျန်းမာရေးထိခိုက်မှုများရှိလာ

ပို့စ်တင်ချိန် - 3/27/2014 08:25:00 AM


ရန်ကုန်၊ မဇ္ဈိမ။ ။ သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန် အပိုင်း ၁၊၂၊ ၃ မှ မြေသိမ်းခံရသူများ တတိယအကြိမ်ဖွင့်လှစ်သည့် သပိတ်စခန်း ဒုတိယနေ့တွင် ရာသီဥတုပူပြင်းမှုကြောင့် ကျန်းမားရေးထိခိုက်သူများ ရှိလာ၍ အိမ်ပြန်ပို့ရသူများ ရှိသည်ဟု သပိတ်စခန်းခေါင်းဆောင် ဦးစိန်သန်းက မတ် ၂၆ ရက်တွင် မဇ္ဈိမကို ပြောသည်။

တတိယအကြိမ်မြောက် သပိတ်စခန်းကို ကျောက်တံတားမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး တရားရုံးရှေ့၊ မဟာဗန္ဓုလပန်းခြံ ဘေးတွင် မတ်လ ၂၄ ရက် နံနက် ၉ နာရီက လူအင်အား၂ဝဝ ကျော်ဖြင့် သပိတ်စခန်းဖွင့်လှစ်ခဲ့ပြီး ဒုတိယနေ့ နေ့လည် ၂ နာရီခန့်တွင် အသက် ၇ဝကျော် အမျိုးသမီးနှစ်ဦးသည် ကျန်းမာရေးထိခိုက်လာသဖြင့် အိမ်သို့ပြန်ပို့ပေးခဲ့ရခြင်းဖြစ်သည်။

သပိတ်စခန်းမှ ခေါင်းဆောင် ဦးစိန်သန်းက “အဘွားနှစ်ဦးကို မနေ့က အိမ်ပြန်ပို့ပေးရတယ်။ တစ်ဦးက သွေးပေါင်တွေကျလို့၊ တစ်ဦးက လေဖြတ်သလိုဖြစ်လို့ ပြန်ပို့ရတယ်။ ပလက်ဖောင်းကလည်း အရမ်းပူတယ်။ ဒီအဖွဲ့က လူငယ်တွေကပဲ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပြုလုပ်ပေးတယ်” ဟု ပြောသည်။

ဆန္ဒပြသူများ နေထိုင်ကြသည်မှာ ၎င်းတို့သပိတ်စခန်းဖွင့်ထားသည့် ပလက်ဖောင်းများပေါ်တွင်ဖြစ်ပြီး လက်ရှိ သပိတ်စခန်းတွင် အသက် ၇ဝ ကျော် သက်ကြီးရွယ်အို၁၅ ဦးကျော်ရှိသည်။

ဆန္ဒပြသူများသည် ၂၆ ရက် ဒုတိယနေ့ နံနက်ပိုင်းတွင် မဟာဗန္ဓုလပန်းခြံတစ်ပတ် စီတန်းလှည့်လည်ကာ ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ခြင်း၊ ဆူးလေဘုရားတွင် ဝတ်ပြုဆုတောင်းခြင်းများ ပြုလုပ်ကြသည်။

မိကျောင်းကန် မြေသိမ်းခံရသူဟုဆိုသူများသည် ဆန္ဒဖော်ထုတ်မှု ခုနှစ်ကြိမ်နှင့် သပိတ်စခန်း နှစ်ကြိမ်ဖွင့်လှစ်ခဲ့သည်။ မိကျောင်းကန် ၁၊၂၊ ၃ ရပ်ကွက် မြေသိမ်းဆည်းခံခြင်းခံရမှုကြောင့် နစ်နာသူ ၁ဝ၂ဝ ဦးကို ကော်မရှင်ကို တင်ပြထားသည်။

နန်းမြင့်
Mizzima - News in Burmese