မူးယစ်ဆေးဝါး၊ လက်ပစ်ဗုံးနှင့် ကျည်ဆံများ ဖမ်းဆီးရမိ

ပို့စ်တင်ချိန် - 3/29/2014 10:08:00 PM


နေပြည်တော်၊ မတ် ၂၉
၂၀၁၄ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ နံနက် ၁၀ နာရီအချိန် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သာမညကျေးရွာအုပ်စု၊ အေးချမ်းသာယာရပ်ကွက်၊ တမံဦး မုခ်ဝတွင် ရွာပြင်ပတ်လမ်းအတိုင်းမောင်းနှင်လာသည့် ၂၉ယ/xxxxxWave-110 အစိမ်းရောင်ဆိုင်ကယ်အား စစ်ဆေးရာ အစစ်ဆေးမခံဘဲ မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီး စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ဘားအံမြို့နယ်၊ သာမညကျေးရွာ၊ ရွှေတောင်ရပ်ကွက်နေ ဖေအေး(ခ)ထွန်းပါ(၄၂)နှစ်ဖြစ်ကြောင်း သိရှိရပြီး ၎င်း၏ခါးတွင်ပတ်ထားသည့် ဂျင်းအိတ်အတွင်းမှ WY စာတန်းပါပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား(၂၉၇)ပြား၊ တန်ဘိုးငွေကျပ်(၁၀.၃၉၅)သိန်း၊ လက်ပစ်ဗုံး ၄ လုံး၊ ကျည်ဆံ ၄ တောင့်၊ ဓါး ၁ ချောင်းနှင့် ဖုန်း ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။ ဆက်လက်စစ်ဆေးချက်အရ ဖမ်းဆီးရမိမူးယစ်ဆေးဝါးများအား မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မင်းလမရပ်ကွက်၊ အေကရင်ကျောင်းလမ်းနေ စောစံမြင့်(ခ)ဖိုးတူ(၅၈)နှစ်ထံမှ ၀ယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရ၍ စုံစမ်းဖမ်းဆီးရာ စောစံမြင့်(ခ)ဖိုးတူအား ကော့ကရိတ်မြို့အ၀င် ဆီဆိုင်ရှေ့တွင် ဖမ်းဆီးရမိခဲ့ သောကြောင့် ဖေအေး(ခ)ထွန်းပါနှင့် စောစံမြင့်(ခ)ဖိုးတူတို့ ၂ ဦးအား အိန္ဒုမြို့မရဲစခန်း မယ(ပ)၅/၂၀၁၄၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်းသတင်းရရှိသည်။

ရဲဇာနည်