ယနေ့ (၄ - မတ်လ - ၂၀၁၄) ယဉ်မတော်တဆမှုများ

ပို့စ်တင်ချိန် - 3/04/2014 07:43:00 PM

အရှိန်မထိန်းနိုင်၍ယာဉ်တိမ်းမှောက်



နေပြည်တော်၊ မတ် ၎

၂၀၁၄ ခုနှစ်၊ မတ်လ ၁ ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်အချိန် ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၀/၄-၅)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၃)လမ်းဆုံ အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းမီးသတ်မှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ နေပြည်တော်မှရန်ကုန်သို့ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျောက်မြောင်းကြီးရပ်ကွက်နေ ဦးစိုးညွန့်(၄၅)နှစ်မောင်းနှင်လာသော ၇ဂ/xxxx ဟိုင်းလတ်ဆပ်အပြာရောင်ယာဉ်သည် လမ်းကွေ့တွင်အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကပ်တုံးများအား တိုက်မိတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်၏ ဘီးအားလုံးပေါက်၊ ရှေ့လေကာမှန်ကွဲ၊ ဘောနတ်ဖုံးပိန်ချိုင့်၊ ရှေ့ခေါင်းဝဲ/ယာတံခါးမှန်ကွဲ၊ တန်ဘိုးငွေကျပ်(၁၅)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့သောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ စိုးညွန့်အား အမှတ်(၃)လမ်းဆုံအမြန်လမ်း ရဲစခန်း ယာဉ်(ပ)၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

===========================================

ဝဲဘက်ရှေ့ဘီးပေါက်၍ ယာဉ်တိမ်းမှောက်



နေပြည်တော်၊ မတ် ၎

၂၀၁၄ ခုနှစ်၊ မတ်လ ၁ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်အချိန် ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၁၆/၂-၃)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ သီးကုန်းအမြန်လမ်း ရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းမီးသတ်မှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူသွားရောက် စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ရန်ကုန်မှမန္တလေးသို့ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ညောင်ပင်ကျေးရွာနေ သက်ခိုင်ဦး(၂၅)နှစ် မောင်းနှင်လာသော ၈ဆ/xxxx လိုက်ထရပ်အဖြူရောင် ယာဉ်သည် ၀ဲဘက်ရှေ့ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်သို့ရောက်ရှိ တိမ်းမှောက် ခဲ့ကြောင်းသိရှိရသည်။ ယာဉ်တိမ်းမှောက်မှုကြောင့် သက်ခိုင်ဦးတွင် ဦးခေါင်းထိပ်(၁)လက်မခန့်နှင့် ၀ဲခြေမပေါက်ပြဲ၊ နှာခေါင်းသွေးထွက်ဒဏ်ရာများနှင့် တစ်ရွာတည်းနေ ထက်လင်းမြင့်(၂၁)နှစ်၌ နဖူး ဖူးရောင်၊ နှာတံနှင့်ယာမျက်လုံးအောက်ပွန်းပဲ့၊ ယာနားသွေးထွက်၊ ၀ဲ/ယာဒူးခေါင်းပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ပြီး ယာဉ်မှာ ရှေ့လေကာမှန်ကွဲ၊ ရှေ့ခေါင်းပိုင်းပိန်ချိုင့်ပျက်စီး၊ ၀ဲ/ယာရှေ့မီးကွဲ၊ ကားဘော်ဒီ ပိန်ချိုင့်၊ ၀ဲ/ယာရှေ့ဘီးပွင့်၊ တန်ဘိုးငွေကျပ်(၁၀)သိန်းခန့်ပျက်စီးဆုံးရှုံးခဲ့သောကြောင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ သက်ခိုင်ဦးအား သီးကုန်းအမြန်လမ်းရဲစခန်း ယာဉ်(ပ)၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

=====================================

နောက်ဘီးပေါက်၍ လမ်းလယ်ကျွန်းပေါ်ယာဉ်ရောက်ရှိ



နေပြည်တော်၊ မတ် ၎

၂၀၁၄ ခုနှစ်၊ မတ်လ ၂ ရက်နေ့ နေ့လည် ၁ နာရီအချိန် ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၇/၄-၅)ကြားတွင် ယာဉ်မတော်တဆမှုဖြစ်ပွားကြောင်းသတင်းအရ အမှတ်(၃)လမ်းဆုံ အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းမီးသတ်မှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ရန်ကုန်မှနေပြည်တော်သို့ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်နေ ပြည့်ဖြိုးကျော်(၂၈)နှစ်မောင်းနှင်လာသော ၄ဂ/xxxx ပါဂျဲရိုးနက်ပြာရောင်ယာဉ်သည် ယာဘက်နောက်ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်သို့ ရောက်ရှိရပ်တန့်ခဲ့ကြောင်း သိရပြီး ယာဉ်၏ ၀ဲ/ယာရှေ့မီးကွဲ၊ ဘော်ဒီဝဲခြမ်းပိန်ချိုင့်၊ တန်ဘိုးငွေကျပ်(၅)သိန်းခန့် ပျက်စီးဆုံးရှုံး ခဲ့သောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ပြည့်ဖြိုးကျော်အား အမှတ်(၃)လမ်းဆုံအမြန်လမ်း ရဲစခန်းယာဉ်(ပ)၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

=============================

သစ်ပင်အားဝင်တိုက်၍ ယာဉ်မီးလောင်

နေပြည်တော်၊ မတ် ၎

၂၀၁၄ ခုနှစ်၊ မတ်လ ၃ ရက်နေ့ နံနက် ၃ နာရီ ၁၅ မိနစ်အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ၀က်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာမြောက်ဘက် ရွှေဘို-မန္တလေးကားလမ်း၊ မိုင်တိုင်အမှတ်(၅၁/၀) အနီး၌ ၁င/xxxx မတ်တူးယာဉ်သည် လမ်းဘေးရှိအော်ရေးရှားပင်အား ၀င်ရောက်တိုက်မိကာ တစ်ပတ်လည်၍ မီးလောင်မှုဖြစ်ပွားခဲ့သည်။ ထိုသို့မီးလောင်မှုကြောင့် ယာဉ်မောင်းဖြစ်သူ စစ်ကိုင်းမြို့၊ နန်းဦးမြို့သစ်နေ ချမ်းငြိမ်းဇော်(၁၉)နှစ်နှင့် ယာဉ်ပေါ်ပါ ရတနာဗိမ္မာန်ကျောင်းနေ ဥူးသာသနာ ၀ါတော်(၁၁)၀ါ၊ သက်တော်(၃၀)နှစ်တို့မှာ မီးလောင်ဒဏ်ရာများဖြင့်သေဆုံးသွားခဲ့ပြီး မြင်းမူမြို့၊ ဘူးဝရွာထောင်ရွာနေ ဒေါ်ဝေ(၄၀)နှစ်တွင် ပါးစပ်သွေးထွက်၊ ၀ဲလက်နာကျင်ဒဏ်ရာနှင့် သမီးဖြစ်သူ မမေသူ(၂၀)နှစ်၌ ယာခြေနာကျင်ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ချမ်းငြိမ်းဇော်အား ရွှေပန်းကုန်းနယ်မြေရဲစခန်း၊ ယာဉ်(ပ)၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်