ဒုတိယကမ္ဘာစစ်အတွင်း ဖောက်လုပ်ခဲ့သော နာမည်ကျော် သေမင်းတမန်ရထားလမ်း၏ အစိတ်အပိုင်းများ ပြသထားသော သေမင်းတမန်ပြတိုက် ပျောက်ကွယ်လုနီးပါးဖြစ်နေ

ပို့စ်တင်ချိန် - 3/16/2014 11:35:00 AM


Sunday , March 16 , 2014

Written by: ငြိမ်းဇော်လင်း၊ကျော်ဇင်ဝင်း
မွန်ပြည်နယ် သံဖြူဇရပ်မြို့ရှိ ဒုတိယကမ္ဘာစစ်အတွင်းက ဖောက်လုပ်ခဲ့သော သေမင်းတမန်ရထားလမ်း၏ အစိတ်အပိုင်းများ၊ မှတ်တမ်းများ ပြသထားသော သေမင်းတမန်ပြတိုက်သည် ပျောက်ကွယ်လုနီးပါး ဖြစ်နေကြောင်း သံဖြူဇရပ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းအောင်၏ လွှတ်တော်၌ မေးခွန်းမေးမြန်းချက်အရသိရသည်။
မတ် ၁၄ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင်က သေမင်းတမန်ပြတိုက် ပြန်လည်မွမ်းမံပေးနိုင်ခြင်း ရှိ မရှိ မေးခွန်းမေးမြန်းမှုအား သမ္မတရုံးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန့်ရှင်းက မွန်ပြည်နယ်အစိုးရ၏ ကိုယ်စား ဖြေကြားမှုများ ပြုလုပ်ခဲ့သည်။
သမ္မတရုံး ဒုတိယ၀န်ကြီး ဦးသန့်ရှင်းက “သေမင်းတမန်ပြတိုက် ပန်းခြံမြေအား ၁၉၉၄ ခုနှစ်မှ သေမင်းတမန်ပြတိုက်အဖြစ် သတ်မှတ် အသုံးပြုခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်တွင် အဆိုပါမြေအား ထိန်းသိမ်းခဲ့သော သံဖြူဇရပ်မြို့နယ် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့သို့ လွှဲပြောင်းပေးခဲ့ပါတယ်။ လွှဲပြောင်းစဉ်က ရထားပြတိုက်မြေ၊ မီးရထားစက်ခေါင်း၊ ပြတိုက်အဆောက်အအုံငယ်၊ ဓာတ်ပုံမှတ်တမ်းအချို့နှင့် စာရွက်စာတမ်းအချို့ပါ ရှိပါတယ်”ဟု ပြောကြားသည်။
လက်ရှိတွင် သံဖြူဇရပ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် သံဖြူဇရပ်မြို့နယ် မြန်မာ့မီးရထားတို့ ပူးပေါင်းထိန်းသိမ်းထားရှိပြီး လက်ရှိမြေနေရာပေါ်ရှိ မီးရထားစက်ခေါင်းအား ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြတိုက်နှင့် မီးရထားလမ်း အထိမ်းအမှတ်နေရာကိုလည်း ကော်မတီဖွဲ့ ၍ ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
လက်ရှိတွင် အဆိုပါမြေနေရာအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမည်ပေါက်ရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်မြေ အမည်ပေါက်ရရှိပါက မြေဧရိယာ ၀ ဒသမ ၆ ဧကနေရာတွင် သေမင်းတမန် ပြတိုက်ကိုလည်းကောင်း၊ မြေဧရိယာ ၁ ဒသမ ၅၈၅ ဧက နေရာတွင် ပြတိုက်သို့ လာရောက်မည့် ယာဉ်များရပ်နားရန်နှင့် အမှတ်တရပစ္စည်း အရောင်းဆိုင်များကို လည်းကောင်း၊ မြေဧရိယာ ၀ ဒသမ ၈၂၆ နေရာတွင် ခရီးသည်များ နားနေရန် အဆင့်မြင့် နားနေဆောင်များ တည်ဆောက်ရန် လျာထားကြောင်း သမ္မတရုံး ဒုဝန်ကြီး ဦးသန့်ရှင်း၏ ပြောကြားချက်အရ သိရသည်။
သေမင်းတမန်ရထားလမ်းသည် မိုင် ၂၅၀ ကျော် ရှည်လျားကြောင်း၊ ရထားလမ်းဖောက်လုပ်ရာတွင် မြန်မာတိုင်းရင်းသားများသာမက စစ်သုံ့ပန်းများလည်း ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် သေမင်းတမန်ရထားလမ်းပိုင်းတွင် ပြသထားသော မီးရထားစက်ခေါင်းကို တွေ့ရစဉ် (ဓာတ်ပုံ-ဘိုဘိုမြင့်)

Credit To : Eleven Media Group