ပြိုင်ကားမောင်းသူအား အုပ်စုလိုက် ဝိုင်းရိုက်သူ ခြောက်ဦးကို တစ်ပတ်အတွင်းဖမ်းမိ

ပို့စ်တင်ချိန် - 3/09/2014 05:51:00 PM


မန္တလေး၊ မတ် ၈

မန္တလေးမြို့တော် မဟာအောင်မြေမြို့နယ် သိပ္ပံလမ်းနှင့် ၆၈ လမ်းထောင့်တွင် ပြိုင်ကားဖြင့် ပွတ်ဆွဲသွားသူကို မကျေနပ်၍ တုတ်ဖြင့်ရိုက်၊ ပြိုင်ကားမှန် ရိုက်ခွဲသည့် တရားခံခြောက်ဦးကို အမှုဖြစ်ပွားပြီး တစ်ပတ်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း မဟာအောင်မြေမြို့နယ် အမှတ် (၉) မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ အမှုစစ် ရဲအရာရှိတစ်ဦးက ပြောကြားသည်။

မဟာအောင်မြေမြို့နယ်ရှိ အမျိုးသမီး အဆောင်ရှေ့၌ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ည ၇ နာရီအချိန်တွင် သမီးရည်းစားနှစ်ဦး စကားရပ်ပြောနေစဉ် အဆိုပါ အမျိုးသားကို ဆိုင်ကယ်ဖြင့် ရောက်ရှိလာသော အမည်မသိ လူငယ်ခြောက်ဦးက ရိုက်နှက်မှု ဖြစ်ပွားခဲ့သည်။
“ပြိုင်ကားနဲ့ ကောင်လေးက လမ်းမှာ ဆိုင်ကယ်နှစ်စီးကို ပြိုင်ကားနဲ့ ပွတ်ဆွဲသွားတယ်။ သူတို့ရဲ့ ထွက်ဆိုချက်အရ နောက်ကနေ လိုက်ပြီး လုပ်တာ မဟုတ်ဘူးလို့ ထွက်ဆိုတယ်။ ပြိုင်ကားနဲ့ ကောင်လေးက သူ့ကောင်မလေး အဆောင်မှာ ကောင်မလေးနဲ့ စကားရပ်ပြောနေတာ တွေ့လို့ သူတို့ကို လုပ်သွားတာ။ စိတ်တိုပြီး လုပ်တယ်လို့ သိရတယ်” ဟု ကျူးလွန်သူ၏ ထွက်ဆိုချက်အရ အမှုစစ် ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ အဆောင်နေ အမျိုးသမီးနှင့် ၎င်း၏ရည်းစား ဖြစ်သူတို့သည် 4G/8240 Master အမျိုးအစား ခဲရောင် ပြိုင်ကားဖြင့် ရပ်၍ စကားပြောနေစဉ် ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာသော အမည်မသိ လူငယ်ခြောက်ဦးက တုတ်ဖြင့်ရိုက်ခဲ့ရာ ၎င်းတွင် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာများ၊ မျက်နှာဒဏ်ရာများ ရရှိပြီး လဲကျနေစဉ် အဆိုပါ လူငယ်ခြောက်ဦးသည် ပြိုင်ကား၏ ဝဲဘက်ရှေ့ တံခါးမှန်ကိုပါ ရိုက်ခွဲ ထွက်ပြေးသွားခဲ့ကြောင်း အဆိုပါ တာဝန်ရှိသူက ထပ်မံပြောကြားသည်။

တုတ်ဖြင့်ရိုက်၍ ထွက်ပြေးသွားသော လူငယ်များထဲမှ နှစ်ဦးကို မတ်လ ၄ ရက်နေ့တွင် ဖမ်းဆီးရမိပြီး ၎င်းတို့၏ ထွက်ဆိုချက်အရ ကျန်တရားခံ လေးဦးကို မတ်လ ၅ ရက်နေ့တွင် ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်း ၎င်းထံမှ သိရှိရသည်။

တုတ်ဖြင့် အုပ်စုဖွဲ့ရိုက်နှက်မှု၊ ကားမှန် ရိုက်ခွဲမှုနှင့် ပတ်သက်ပြီး မဟာအောင်မြေ မြို့နယ်ရှိ အမှတ် (၉) နယ်မြေ ရဲတပ်ဖွဲ့စခန်းတွင် (ပ) ၁၁၉/၂၀၁၄ ပြစ်မှုပုဒ်မ ၄၄၀၊ ၃၂၅၊ ၄၂၇၊ ၁၁၄အရ အမှုဖွင့် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့ ည ၇ နာရီ အချိန်ခန့်ကလည်း မဟာအောင်မြေ မြို့နယ်ရှိ ၇၃ လမ်း ဗန်းမော်တိုက် လမ်းကြားတွင် ပြိုင်ကားတစ်စီးက မောင်းရန်ပြင်စဉ် ရှေ့တွင် ပိတ်ရပ်သည့် ဆိုင်ကယ်ပေါ်မှ အမျိုးသားတစ်ဦးကို ဓားဖြင့်ခုတ်သည့် တရားခံကိုလည်း ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း အမှတ် (၉) နယ်မြေ ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


The Voice Weekly