တောင်ကိုရီးယား၊ အမေရိကန်တို့နှင့် သုံးပွင့်ဆိုင် ဆွေးနွေးရန် ဂျပန်ကြိုးပမ်း

ပို့စ်တင်ချိန် - 3/14/2014 08:27:00 PM


ရိုက်တာ

ဂျပန်နိုင်ငံအနေဖြင့် ယခုလအတွင်းတွင် တောင်ကိုရီးယား၊ အမေရိကန်တို့နှင့် သုံးပွင့်ဆိုင် ထိပ်သီး ဆွေး နွေးပွဲတစ်ခု စီစဉ်ကျင်းပနိုင်ရေးအတွက် ကြိုးပမ်းနေကြောင်း ဂျပန်အစိုးရအရာရှိတစ်ဦးက ပြောကြားခဲ့ သည်ဟု မတ်လ ၁၃ ရက်က ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တောင်ကိုရီးယားနှင့် ဂျပန်အကြား ဆက်ဆံရေးအေးစက်နေရာမှ ပြေလည်လာစေရန် ကြိုးပမ်းမှု တစ်ရပ် အနေဖြင့် ဂျပန်က ထိုကဲ့သို့ ကြိုးပမ်းနေခြင်း ဖြစ်သည်။

သို့ရာတွင် နယ်သာလန်နိုင်ငံ သဟေ့ဂ်မြို့တွင် မတ်လ ၂၄ ရက်နှင့် ၂၅ ရက်များ တွင်ကျင်းပမည့် ကမ္ဘာ့နျူ ကလီးယား လုံခြုံရေး ထိပ်သီးအစည်းအဝေး၏ ကြားဖောက် ဆွေးနွေးပွဲ တစ်ခုအဖြစ်၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊ ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးနှင့် အမေရိကန်သမ္မတ ဘားရက်အို ဘားမားတို့၏ သုံးပွင့် ဆိုင် ထိပ်သီးဆွေးနွေးပွဲတစ်ခု ဖြစ်မြောက်လာရေး ဂျပန်၏ စိတ်ကူးအပေါ် ကိုရီးယားက စိတ်ဝင်စားပုံ မရ ပေ။

ဂျပန်နှင့် ကိုရီးယားနှစ်နိုင်ငံလုံး၏ မဟာမိတ်ဖြစ်သော အမေရိကန်သမ္မတ အိုဘားမား ဆွေးနွေးပွဲခန်းမထဲ တွင် ရှိမည်ဆိုလျှင် ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးအနေဖြင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး နှင့် မျက်နှာ ချင်းဆိုင် တွေ့ဆုံဆွေးနွေးရေးကို လက်ခံဖွယ်ရှိကြောင်း ဂျပန်က မျှော်လင့်ထားသည်။

ဂျပန်ဝန်ကြီးချုပ်အနေဖြင့် သူ ၀န်ကြီးချုပ်တာဝန် စတင်ယူခဲ့သည့် လွန်ခဲ့သော ၁၅ လ အကြာကတည်းက ကိုရီးယားခေါင်းဆောင်နှင့် တွေ့ဆုံဆွေး နွေးခွင့်ရရေးကို ကြိုးပမ်းနေခြင်းဖြစ်ပြီး အောင်မြင်မှု မရရှိသေး ပေ။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် လွန်ခဲ့သော ၁၅ လက သူ ၀န်ကြီးချုပ် ဖြစ်လာခဲ့ပြီးချိန်မှစ၍ အရှေ့ တောင်အာရှနိုင်ငံ ဆယ်နိုင်ငံလုံးမှ ခေါင်းဆောင်များထံသို့ သွားရောက် လည်ပတ်ခဲ့ပြီးဖြစ်ကာ ရုရှသမ္မတ နှင့်လည်း ငါးကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်သော်လည်း ကိုရီးယားနှင့် တရုတ်နိုင်ငံတို့၏ ခေါင်းဆောင်များ နှင့် တစ်ဦးချင်း တွေ့ဆုံဆွေးနွေးမှု မလုပ်နိုင်သေးပေ။

ဂျပန်နှင့် ထိုအိမ်နီးချင်းနိုင်ငံများ၏ ဆက်ဆံရေးမှာ ပိုက်နက်အငြင်းပွားမှု ပြဿနာများကြောင့် ပိုမိုဆိုးရွားလာခဲ့ ရပြီး ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်၏ ကျူး ကျော် စော်ကားမှုများအတွက် ဂျပန်အနေဖြင့် လုံလောက် အောင် တောင်းပန်ခြင်း မပြု ရသေးဟု တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့က ယူဆလျက်ရှိသည်။

သုံးပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခွင့်ရရန် ဂျပန်က ကြိုးပမ်းနေကြောင်း ပြောပြခဲ့သည့် ဂျပန်အရာရှိက၊ ဂျပန်၏ ကမ်းလှမ်းမှုအပေါ် ကိုရီးယားနိုင်ငံ အနေ ဖြင့် မည်ကဲ့သို့တုံ့ပြန်မည်ကို ရှင်းလင်းစွာ မသိရှိရသေး ကြောင်းလည်း ပြောပြခဲ့သည်။

ဒုတိယကမ္ဘာစစ်ကာလက ဂျပန်၏ ကျူးကျော်မှုများနှင့်ပတ်သက်သည့် သဘောထားကွဲလွဲမှုများ ပြေလည် သွားစေရန် ဂျပန်က နောက်ထပ် အားထုတ်မှုများ မပြုလုပ်ပါက တောင်ကိုရီးယား-ဂျပန် ဆက်ဆံရေး တိုး တက်မှု ဖြစ်ထွန်းလာဖွယ်မရှိကြောင်း တောင်ကိုရီးယား အစိုးရအရာရှိ တစ်ဦးက ပြောခဲ့သည်။

“သမိုင်းကြောင်းကိစ္စနဲ့ ပတ်သက်ပြီး ဂျပန်ရဲ့အမြင် မပြောင်းလဲသေးသရွေ့ ဂျပန်နဲ့ ထိပ်သီးဆွေးနွေးပွဲ ကျင်းပဖို့ စဉ်းစားမှာ မဟုတ်ပါဘူး” ဟု ကိုရီးယားအရာရှိက ပြောခဲ့သည်။

ထိုကိစ္စနှင့်ပတ်သက်၍ အိမ်ဖြူတော် နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိများထံ မှတ်ချက် တောင်းခံထားသော်လည်း တုံ့ပြန်ဖြေကြားခြင်း မရှိသေးပေ။ ဆိုးလ်မြို့တွင် ဂျပန်ဒုတိယ နိုင်ငံခြားရေး ၀န် ကြီး အက်ကီတာကာနှင့် တောင်ကိုရီးယား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ချို တေယုန့်တို့အကြား ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များတွင်ပြုလုပ်မည့် အစည်းအဝေးတွင် ထိုထိပ်သီးဆွေးနွေးပွဲ ဖြစ်မြောက်ရေး စိတ်ကူး အား ဆွေးနွေးပြောဆိုဖွယ် ရှိနေသည်။

Mizzima Burmese