သင်္ကြန်သီချင်း သံချပ်စာသားများ ကြိုတင်တင်ပြရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်သည် ဒီမိုကရေစီစနစ်နှင့် မကိုက်ညီသောလုပ်ရပ်ဟု အနုပညာရှင်များတုံ့ပြန်

ပို့စ်တင်ချိန် - 3/07/2014 12:15:00 PM


၂၀၁၃ မဟာသင်္ကြန်ကာလအတွင်း သင်္ကြန်မဏ္ဍပ်တစ်ခုတွင် ဖျော်ဖြေနေသော သံချပ်အဖွဲ့ကိုတွေ့ရစဉ်

သင်္ကြန်သီချင်း သံချပ်စာသားများကို ကြိုတင်တင်ပြရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်သည် ဒီမိုကရေစီနှင့် မကိုက်ညီသော လုပ်ရပ်ဖြစ်သည်ဟု အနုပညာရှင်များက ပြန်လည်တုံ့ပြန် ပြောကြားခဲ့ကြသည်။

၁၃၇၅ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တွင် သင်္ကြန်သီချင်းစပ်ဆိုခြင်း၊ သံချပ်ထိုး စာသားများအား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မဟာသင်္ကြန် သီချင်းသံချပ် စိစစ်ရေးကော်မတီသို့ မတ် ၂၀ ရက် နောက်ဆုံးထား တင်ပြရန်နှင့် ကော်မတီ၏ ခွင့်ပြုချက်ဖြင့်သာ သီချင်းစပ်ဆိုခြင်း၊ သံချပ်ထိုးခြင်းများ ဆောင်ရွက်ရန်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မတ် ၅ ရက်ထုတ် အစိုးရသတင်းစာများတွင် ထုတ်ပြန်ကြေညာခဲ့သည်။

“မနှစ်တုန်းကလည်း သင်္ကြန်သံချပ်စာသားတွေကို ကြိုပြီးတင်ဆိုလို့ တင်ခဲ့ရတယ်။ အဲဒီစာသားတွေထဲကမှ မပြောနဲ့လို့ ဖျက်တဲ့စာသားတွေကို ပြောခွင့်မရခဲ့ဘူး။ အခုနှစ်မှာလည်း အရင်နှစ်ကလို သံချပ်စာသားတွေ ကြိုတင်ရမယ်ဆိုတော့ တကယ် မလွတ်လပ်သေးတဲ့ သဘောပဲ” ဟု ယခင်နှစ်သင်္ကြန်ပွဲတော်တွင် သံချပ်ဖျော်ဖြေမှုများဖြင့် မြို့အနှံ့လိုက်ပါဖျော်ဖြေပြီး ယခုနှစ်တွင်လည်း သံချပ်ဖျော်ဖြေရန် စီစဉ်နေသည့် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူက ပြောကြားသည်။

သံချပ်ဆိုသည်မှာ ရိုးရာယဉ်ကျေးမှုကို ဖျက်ဆီးခြင်းမဟုတ်ဘဲ ရိုးရာယဉ်ကျေးမှု၌ပင် ပါဝင်နေကြောင်း၊ သံချပ်ထိုးခြင်းကို တားဆီးခြင်း၊ ကန့်သတ်ခြင်းများ ရှိနေသည်မှာ တိုင်းပြည်၌ ဒီမိုကရေစီစနစ်မဟုတ်သေးသည်ကို ပြဆိုနေကြောင်း ဦးကျော်သူက ဆိုသည်။

“သံချပ်ဆိုတာ ပြည်သူလူထုတွေ ခံစားနေရတာ၊ ပြည်သူလူထုတွေကြားထဲက အဖြစ်အပျက်တွေကို ထင်ဟပ်ဖော်ပြတာပါ။ ဒါကိုအခုလို ကန့်သတ်ချက်တွေရှိနေတယ်ဆိုတာ မကောင်းပါဘူး” ဟု ဦးကျော်သူက ပြောကြားသည်။

သင်္ကြန်သံချပ်ထိုးခြင်းသည် ပိတ်ပင်ကန့်သတ်ခံရမှုများကြောင့် ဆယ်စုနှစ် နှစ်ခုကျော်ကြာ ကွယ်ပျောက်သွားခဲ့သည်။ သို့သော် တစ်ခေတ်တစ်ခါက ထင်ရှားကျော်ကြားသည့် သံချပ်အဖွဲ့များတွင် ပါဝင်ခဲ့သူ အနုပညာရှင်များက ၂၀၁၂ ခုနှစ်မှ စတင်ကာ သင်္ကြန် သံချပ်ထိုးခြင်းကို ပြန်လည်ဖော်ထုတ်ရန် ကြိုးပမ်းခဲ့ကြသည်။ ထိုအချိန်တွင် သင်္ကြန်သံချပ်ထိုးခြင်းကို ပြန်လည်ခွင့်ပြုလိုက်သော်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စာသားများကို ကြိုတင်တင်ပြစေခြင်း၊ ဖြတ်တောက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

၂၀၁၃ ခုနှစ် သင်္ကြန်ကာလတွင် ဖျော်ဖြေရန်အတွက် သံချပ်စာသားများကိုတင်ပြခဲ့ရာ သံချပ်စာသားများ၏ ရာခိုင်နှုန်း ၈၀ ခန့် ဖြတ်တောက်ခြင်း ခံခဲ့ရသည်ဟု မောင်မောင်ဆိုလေ ထီးရိုးရှည် သံချပ်အဖွဲ့မှ ကိုဒီဥက္ကာက ပြောကြားသည်။

“ကျွန်တော်တို့ တင်ပြတဲ့ သံချပ်စာသားတွေထဲက ရာခိုင်နှုန်း ၈၀ ဖြတ်တောက်ခံခဲ့ရပါတယ်။ ကျွန်တော်တို့ သံချပ်အဖွဲ့ သင်္ကြန်မှာရအောင် ထွက်ခဲ့ပါတယ်။ ပြောချင်တာက သံချပ်တိုက်တယ်ဆိုတာ ပါတီတစ်ခုရဲ့ သြဇာအာဏာထူထောင်ဖို့ လုပ်တာမဟုတ်ပါဘူး။ လူထုထဲက အကြောင်းအရာတွေကို တရားသဖြင့် ထောက်ပြဝေဖန်တာဖြစ်တဲ့အတွက် လူထုရင်ထဲကို ရောက်ပါတယ်။ အပြုသဘောဆောင်တဲ့ ဝေဖန်ထောက်ပြတာမျိုးတွေ လုပ်တာပါ။ စည်းမဲ့ကမ်းမဲ့ ပြောဆိုပြုမူတာမျိုး မဟုတ်ဘူး” ဟု
ကိုဒီဥက္ကာက ပြောကြားသည်။

“သံချပ်ရဲ့ သဘောသဘာဝကိုက လူထုကြားထဲက အဆင်မပြေမှုတွေကို ဖော်ထုတ်တင်ပြတာဖြစ်တဲ့အတွက် အခုလိုစာသားကြိုတင်ရတယ်ဆိုတာမျိုးက အဓိပ္ပာယ်မရှိပါဘူး” ဟု ၎င်းက ဆိုသည်။

သံချပ်စာသားများကို ကြိုတင် တင်ပြရခြင်းဆိုသည်မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်က ရှိခဲ့သည့်အရာဖြစ်ပြီး ယနေ့တွင် ထိုခေတ်ကကဲ့သို့ စာသားကြိုတင် တင်ပြရမည်ဟု ဆိုခြင်းကြောင့် ဒီမိုကရေစီဆိုခြင်းကို အယုံအကြည်မရှိတော့ကြောင်း ဟာသသံချပ်အနုပညာရှင် ဗေလုဝက ပြောကြားသည်။

“သံချပ်ဆိုတာ အစိုးရကို ဆန့်ကျင်တာမဟုတ်ဘူး။ သူပုန်လုပ်ဖို့လည်း မဟုတ်ဘူး။ ကျွန်တော်တို့ လက်ထဲမှာလည်း ကလောင်တစ်ချောင်းပဲ ရှိပါတယ်။ သံချပ်ဆိုတာ တစ်နှစ်အတွင်း ဖြစ်ပျက်ခဲ့သမျှကို ကလောင်အစွမ်းနဲ့ တင်ပြတာ။ အပြုသဘောဆောင်ပြီး ဖော်ထုတ်တာ။ ဒါကိုအခုလို ကန့်သတ်တယ်။ ထုတ်ပြန်တယ်ဆိုတာ ဒီမိုကရေစီစနစ် သွားနေတယ်ဆိုတာ မယုံကြည်အောင် ဖြစ်ရတယ်လို့ပဲ ဆိုရမှာပါ” ဟု ဗေလုဝက ဆိုသည်။

သင်္ကြန်ကာလအတွင်း ဖျော်ဖြေသည့် သံချပ်ဆိုသည်မှာ ပြည်သူများအတွက် ဟစ်တိုင်တစ်ခုသာဖြစ်သည်ဟု စမ်းချောင်းမြို့နယ်အတွင်း နေထိုင်သည့် ကိုအောင်သူက ပြောကြားသည်။

“သံချပ်တွေဆိုတာ ကျွန်တော်တို့ လူထုကြားက အခက်အခဲတွေကို အနုပညာရှင်တွေက ရယ်မောစရာတွေနဲ့အတူ ထောက်ပြတင်ဆက်တာ။ ကျွန်တော်တို့ ပြည်သူတွေအတွက်တော့ ဟစ်တိုင်တစ်ခုလို့ ဆိုရမှာပါ။ ဒါကို လွတ်လပ်မှုမရှိဘဲ အကုန်လုံးကြို ပြီး တင်ရမယ်ဆိုတော့ သံချပ်အရသာ အစစ်အမှန်လည်း ပျောက်ဆုံးနေပါပြီ။ အစိုးရအဖွဲ့ဝင်တချို့တောင် ပြည်သူတွေကြားထဲ ပြောချင်ရာပြော၊ ဆိုချင်ရာဆိုနေကြတဲ့ အချိန်မှာ အနုပညာရှင်တွေရဲ့ အနုပညာကန့်သတ်တာမျိုးက လုံးဝမဖြစ်သင့်တော့ဘူး” ဟု ကိုအောင်သူက ဆိုသည်။

သင်္ကြန်သံချပ်များသည် တစ်နှစ်တာအတွင်း ပြည်သူများ တွေ့ကြုံခံစားခဲ့ရသည့် အကြောင်းအချက်များအပေါ် အခြေခံ၍ အပြုသဘောဆောင်သည့် ထောက်ပြဝေဖန်မှုများဖြင့် နှစ်သက်ဖွယ်ကောင်းအောင် တင်ပြကြခြင်းဖြစ်သည်။ ထို့ကြောင့် သံချပ်များကို ပြည်သူလူထု၏ ခံစားချက်များအား ကိုယ်စားပြုဖော်ထုတ်နိုင်သည့် လူထုဟစ်တိုင်အဖြစ် တင်စားမှုများရှိခဲ့သည်။ ထို့ပြင် သံချပ်များသည် ပြည်သူများ၏ လွတ်လပ်စွာ ဖော်ထုတ်ခွင့်နှင့် လွတ်လပ်စွာပြောဆိုခွင့်ကိုလည်း ကိုယ်စားပြုသည်။

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေသည် ယခင်အစိုးရလက်ထက်က ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် လည်းကောင်း၊ စစ်ဘက်ဆိုင်ရာလုံခြုံရေး အရာရှိချုပ်အဖြစ်လည်းကောင်း၊ ရန်ကုန်တိုင်းကို တာဝန်ယူရသည့် အမှတ် (၅) စစ်ဆင်ရေးအထူးအဖွဲ့(ကစထ) မှူး တာဝန်ကိုလည်း ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ရွေးချယ်ခံခဲ့ပြီး ထိုမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ၎င်းသည် စစ်ဘက်ဆိုင်ရာအုပ်ချုပ်ရေးနယ်ပယ်တွင် နှစ်ပေါင်းများစွာကျင်လည်ခဲ့သူဖြစ်သည့်အလျောက် တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်နေချိန်လုပ်ဆောင်မှုတို့ သည် ယခင်ပုံစံမျိုးကဲ့သို့ပင်ဖြစ်နေကြောင်း ဝေဖန်သုံးသပ်မှုများရှိနေသည်။

Eleven Media Group