နှစ်လခွဲအတွင်း အကျင့်ပျက်ယာဉ်ထိန်းရဲအရာရှိနှင့် အခြားအဆင့် ၁၇ ဦး အရေးယူ

ပို့စ်တင်ချိန် - 3/17/2014 09:25:00 PM


ယာဉ်ကြောရှင်းလင်းပေးနေသော ယာဉ်ထိန်းရဲတစ်ဦး ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)

ရန်ကုန်တိုင်း ဒေသကြီးအတွင်း အကျင့်ပျက် ယာဉ်ထိန်းရဲ အရာရှိနှင့် အခြားအဆင့်ရှိသူ စုစုပေါင်း ၁၇ ဦးကို နှစ်လခွဲအတွင်း အရေးယူခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

‘‘အကျင့်ပျက်တယ်ဆိုတာထက် စည်းကမ်း ဖောက်ဖျက်တဲ့ သူတွေပေါ့။ ဘာတွေ ကျူးလွန်ခဲ့လို့လဲတော့ အသေးစိတ်မပြောတော့ပါဘူး။ တပ်သားပဲဖြစ်ဖြစ်၊ အရာရှိပဲဖြစ်ဖြစ် သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို ဖောက်ဖျက်တယ်ဆိုရင်တော့ အရေးယူပါတယ်’’ဟု အမှတ်(၂) ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး လင်းထွဋ်ကပြောသည်။
         
ဇန်နဝါရီ ၁ ရက်မှ မတ်လ ၁၅ ရက်အထိ ယာဉ်ထိန်းအရာရှိအဆင့်ရှိသူ လေးဦးနှင့် အခြားအဆင့်ရှိသူ ၁၃ ဦးကို အရေးယူခဲ့သည်။
         
‘‘ကျူးလွန်တဲ့သူတွေကို ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေနဲ့ပဲ အရေးယူပါတယ်။ သူတို့ကျူးလွန်တဲ့အမှုအမျိုးအစားကိုလိုက်ပြီးတော့ ပြစ်ဒဏ်တွေမတူညီပါဘူး။ ဘာအမှုနဲ့ ဘယ်သူဘယ်လောက်အရေးယူခံရတယ်ဆိုတာတော့ အသေးစိတ်ပြောလို့မရပါဘူး’’ဟု ယာဉ်ထိန်းရဲအရာရှိတစ်ဦးက ပြောသည်။
         
ပြီးခဲ့သည့် ဖေဖော်ဝါရီက ဖြစ်ပွားခဲ့သော  တာဝန်ထမ်းဆောင်နေစဉ် သရုပ်ဆောင်တစ်ဦး၏ ရိုက်နှက်ခြင်းခံရသည်ဆိုသော ယာဉ်ထိန်းရဲတပ်ကြပ်ကြီးတစ်ဦး၏ဖြစ်စဉ်ကို လက်ရှိတွင် စစ်ဆေးနေဆဲဖြစ်၍ အဆိုပါရဲတပ်ကြပ်ကြီးကို တစ်စုံတစ်ရာ အရေးယူခြင်းမရှိသေးကြောင်း သိရသည်။
           
‘‘တပ်ကြပ်ကြီးသောင်းဒန်အမှုနဲ့ပတ်သက်ပြီး စစ်ဆေးနေဆဲဖြစ်တဲ့အတွက် အရေးယူထားတာမရှိပါဘူး။ နှစ်ဖက်စလုံးက မှန်တယ်ချည်းပဲ ပြောနေတော့ သေသေချာချာ စစ်ဆေးနေပါတယ်။ ကိုယ့်ဘက်က မှားနေရင်လည်း အကာအကွယ်ပေးမှာမဟုတ်သလို၊ ဟိုဘက်ကမှားရင်လည်း အရေးယူမှာပါ’’ဟု ဒုတိယရဲမှူးကြီးလင်းထွဋ်ကပြောသည်။
           
အဆိုပါယာဉ်ထိန်းရဲတပ်ကြပ်ကြီး အရိုက်ခံရသည့်အမှုနှင့် ပတ်သက်၍ နှစ်ဖက်စစ်ဆေးဆဲ အခြေအနေသာ ရှိသော်လည်း ရဲမှူးအဆင့်နှင့် ဒုရဲမှူးအဆင့်ရှိသော ယာဉ်ထိန်းရဲအရာရှိနှစ်ဦးကိုမူ ရဲစည်းကမ်းဥပဒေဖြင့် အရေးယူမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
         
‘‘ထူးခြားဖြစ်စဉ်ဆိုရင် ဖြစ်ပွားပြီး သုံးနာရီအတွင်း အထက်ကိုတင်ပြရမှာဖြစ်ပေမယ့် ကာလအတော်ကြာ ဖုံးကွယ်ထားတဲ့အတွက် အရေးယူတာပါ။ သတင်းကိုဖုံးကွယ်ပြီး အထက်ကိုမတင်ပြဘဲ ကျိတ်ပြီးဖြေရှင်းနေတဲ့အတွက်ပါ’’ဟု ယာဉ်ထိန်းရဲအရာရှိတစ်ဦးကလည်း ပြောသည်။
         
၂၀၁၃ ခုနှစ်က ရန်ကုန်မြို့အတွင်း တာဝန်ထမ်းဆောင်နေသော ယာဉ်ထိန်းတပ်ဖွဲ့ဝင်များအနက် အကျင့်ပျက် စည်းကမ်းပျက်ကွက်သည့် ယာဉ်ထိန်းရဲအရာရှိ ၁၄ ဦးနှင့် အခြားအဆင့် ၃၆ ဦးကို အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

Author: ဇွဲမာန်
7DAY DAILY