ပြည်တွင်း၌ ဆိုက်ဘာရာဇဝတ်မှုများ စတင်ရှိနေပြီဟုဆို

ပို့စ်တင်ချိန် - 3/24/2014 05:48:00 PM


ဆိုက်ဘာအမှုအခင်းများနှင့် ပတ်သက်၍ ပြည်တွင်း၌ အမှု ၆ ခုခန့် တိုင်ကြားထားပြီး လက်ရှိအချိန်၌ အရေးယူပြီးစီးခဲ့သည့် အခြေအနေမရှိသေးကြောင်း ရဲမှူးချုပ် ဦးဝင်းခေါင်က ပြောသည်။



အမျိုးသားအဆင့် အိုင်စီတီ ဆွေးနွေးပွဲ၌ Social Media နှင့် ပတ်သက်၍ ဆွေးနွေးစဉ် ရဲမှူးချုပ်က ပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၌ အခြားသော ဆိုက်ဘာရာဇဝတ်များ ပေါ်ပေါက်ခဲ့သော်လည်း အချို့သော အမှုအခင်းများသည် နိုင်ငံရပ်ခြားနှင့် ဆက်နွှယ်နေသည့် အမှုအခင်းများဖြစ်ကြောင်း သိရသည်။



“အမှုအခင်းတွေကို အရေးယူ ပြီးစီးသည့်အထိတော့ မရှိသေးဘူး။ တော်တော်များများ ဖော်ထုတ်ပေး နိုင်တဲ့အရာတွေလည်း ရှိတယ်။ ဒေါ်လာသိန်းချီပြီးတော့ အီးမေးလ်ကိုဖောက်ပြီး လိမ်ထုတ်သွားတာလည်းရှိတယ်။ စုံစမ်းတော့ မလေးရှားဘက်ကဖြစ်နေတော့ အကြောင်းကြားပြီး ဆက်လုပ်ရတာလည်း ရှိတယ်” ဟု ရဲမှူးချုပ်က ပြောသည်။



မြန်မာနိုင်ငံသည် ၁၉၅၄ ခုနှစ် မှ စတင်၍ အင်တာပိုအဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပြီး နိုင်ငံတကာနှင့် ချိတ်ဆက်၍ ဆိုက်ဘာရာဇဝတ်မှုများကို ဖြေရှင်းနေခဲ့ခြင်းဖြစ်သည်။ ဆိုက်ဘာရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၌ အများဆုံး ကြုံတွေ့ရသည်မှာ လူမှုရေးအရှုပ်အရှင်းများပင်ဖြစ်ကြောင်း ရဲမှူးချုပ်က ပြောသည်။



“တစ်ဦးကဆိုရင် ရုပ်ရှင်နယ်ပယ်ကပဲ။ ဖေ့စ်ဘုတ် (Facebook) ပေါ်မှာ စွပ်စွဲ ပုတ်ခတ်တယ်ဆိုပြီး တိုင်ထားတာ။ အမှုမှာ ရေးအရေးပိုင်တာရှိတယ်။ ရဲအရေးအပိုင်တာလည်းရှိတယ်။ ထောင်ဒဏ် သုံးနှစ်နဲ့အထက်ဆိုရင် ရဲအရေးပိုင်တယ်လို့ ဆိုလို့ရတယ်” ဟု ရဲမှူးချုပ်က ဆိုသည်။



အီလက်ထရောနစ် နည်းပညာနှင့် ဓာတ်ပုံများကို ဂုဏ်သရေပျက်အောင် တင်သည့်အမှုသည် ထောင်ဒဏ် ၅ နှစ်ကျခံနိုင်ပြီး အချို့သော ဓာတ်ပုံများသည် အစိုးရလျှို့ဝှက်ချက် ဥပဒေများနှင့်လည်း ငြိစွန်းနိုင်ကြောင်း သိရသည်။ လက်ရှိ အချို့၌ အများဆုံးကြုံတွေ့ရသည်မှာ အဆင်ပြေချိန်၌ ရိုက်ကူးထားသည့် ဓာတ်ပုံများကို အဆင်မပြေ ဖြစ်သည့်အခါ၌ ဂုဏ်သရေပျက်စေရန် ဖော်ထုတ်ကြခြင်းပင်ဖြစ်သည်။



ထို့အပြင် ဖေ့စ်ဘုတ်သုံးစွဲသူများ၏ အဆိုအရ သာမန်ဖေ့စ်ဘုတ် အသုံးပြုသူများ၏ မူရင်းဓာတ်ပုံများကိုရယူ၍ ညစ်ညမ်းသည့် စာမျက်နှာများ၌ ကူးယူဖော်ပြသည်များ တွေ့မြင်လာရကြောင်း သိရသည်။



မြင့်ကျော်လှိုင်
Internet Journal