ပီနန်ဆရာတော်ကြီးအား မဟာသန္တိသုခကျောင်းတိုက်မှ ထွက်ခွာရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကြောင်းကြားမှုအပေါ် ထွက်ခွာမည်မဟုတ်ဟု ဆရာတော်တုံ့ပြန်

ပို့စ်တင်ချိန် - 3/26/2014 08:40:00 AM


ပီနန်ဆရာတော် ဦးပညာဝံသမှ မိန့်ကြားစဉ်
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ ပီနန်ဆရာတော်ကြီးအား မဟာသန္တိသုခကျောင်းတိုက်မှ ၂၀၁၄ မတ် ၃၁ ရက်တွင် နောက်ဆုံးထားကာ ထွက်ခွာရန် အကြောင်းကြားစာ ပေးပို့ထားပြီး ဆရာတော်ကြီးမှ  ထွက်ခွာပေးမည် မဟုတ်ကြောင်း မတ် ၂၅ ရက်တွင် မဟာသန္တိသုခ ကျောင်းတိုက်တွင် ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ပီနန်ဆရာတော်ကြီးက မိန့်ကြားသည်။

သံဃမဟာနာယကမှ ပီနန်ဆရာတော် ဦးပညာဝံသနှင့် အပေါင်းပါများကို ၂၀၁၄ ခုနှစ် မတ် ၃၁ ရက် နောက်ဆုံးထားကာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ပိုင် မဟာသန္တိသုခ ဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီးမှ အပြီးအပိုင် ထွက်ခွာသွားရန် မတ် ၆ ရက်တွင်ပြုလုပ်သည့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၇ ပါး စုံညီအစည်းအဝေး၏ ဆုံးဖြတ်ချက်အရဟူ၍ အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။

ယင်းအကြောင်းကြားစာနှင့် ပတ်သက်ကာ အဆိုပါစာသည် မမှန်မကန်ဆုံးဖြတ်သည့် ဓမ္မစက်ကို အာဏာစက်ဖြင့် အဓမ္မ အကောင်အထည်ဖော်ရန် သံဃမဟာနာယကအဖွဲ့က မီးစိမ်းပြသည့်သဘော သက်ရောက်နေကြောင်း ပီနန်ဆရာတော်ကြီးက မိန့်ကြားသည်။

“သံဃနာယကအဖွဲ့က လွန်ခဲ့တဲ့ သုံးလေးရက်ကပဲ ၃၁ ရက်က နောက်ဆုံးထားပြီး ဦးပညာဝံသနဲ့ အပေါင်းအပါတွေ ထွက်ပေးဖို့ဆိုပြီး အကြောင်းကြားစာ ပို့တယ်။ ပုဒ်မ ၂၀/၃၀၊ ၂၀/၂၉ နဲ့ ဆွဲချမယ်ဆိုပြီး အမိန့်ထုတ်တယ်။ ဒါကြောင့် ဒီလိုဆိုမှတော့ ဒကာမတွေလည်း အားလုံးသိရအောင်၊ သံဃာတွေလည်း အားလုံးသိရအောင် ဆိုပြီးတော့ ဒီနေ့ရှင်းလင်းတာ ဖြစ်တယ်။ ဘုန်းကြီးတို့ကတော့ ကျောင်းတိုက်ကနေ ဖယ်ပေးမှာ မဟုတ်ဘူး” ဟု ပီနန်ဆရာတော်ကြီးက မိန့်ကြားသည်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ ပီနန်ဆရာတော်ကြီးအား ဖယ်ရှားပေးရန် ထပ်မံဖိအားပေးမှုများ ပြုလုပ်လာပါက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရဟန်းရှင်လူ အပေါင်းတို့ စုစည်းကာ ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း လန်ဒန်ဆရာတော် ဦးဥတ္တရက မိန့်ကြားသည်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့နှင့် ပီနန်ဆရာတော်ကြီးတို့အကြား အငြင်းပွားလျက်ရှိသော မဟာသန္တိသုခ ကျောင်းတော်ကြီး ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရမှ ဖြေရှင်းပေးရန် ပီနန်ဆရာတော်ကြီးက ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက် ရက်စွဲဖြင့် နိုင်ငံတော်သမ္မတရုံးထံသို့ အကြောင်းကြားစာ ပေးပို့ခဲ့သော်လည်း ယခုထိ အကြောင်းကြားခြင်း မရှိသေးကြောင်း သိရသည်။

 News Eleven