အရည်အသွေး နိမ့်ကျပြီး မောင်းနှင်အသုံးပြုရန် အန္တရာယ်ရှိသည့် စက်မှုဇုန်ထုတ် မော်တော်ယာဉ်များ ပြန် အပ်နိုင်ရန် အတွက် မော်တော်ယာဉ် သက်တမ်းကို လျှော့ချရမည့် အနေအထားရှိ

ပို့စ်တင်ချိန် - 3/05/2014 11:36:00 AM


အရည်အသွေး နိမ့်ကျပြီး မောင်းနှင် အသုံးပြုရန် အန္တရာယ်ရှိသည့် စက်မှုဇုန်ထုတ် မော်တော်ယာဉ်များ ပြန် အပ်နိုင်ရန်အတွက် မော်တော်ယာဉ် သက်တမ်းကို လျှော့ချရမည့် အနေအထား ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှ တစ်ဆင့် သတင်း ထုတ်ပြန်ထားချက်အရ သိရသည်။

စက်မှုဇုန်ထုတ်မော်တော်ယာဉ်များ ပြန်လည်အပ်နှံရန် နှစ်ကာလသက်တမ်းသတ်မှတ်ပြီးမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။ လက်ရှိအနှစ် ၂၀ ကျော်ယာဉ်များကို ယာဉ်အို၊ ယာဉ်ဟောင်းအဖြစ် သတ်မှတ်ပြီး အပ်နှံလျက်ရှိရာတွင် ဥပမာအားဖြင့် သက်တမ်းကို ၁၀ နှစ် သို့မဟုတ် ၁၅ နှစ် အစရှိသဖြင့် သတ်မှတ်ပြီးမှသာလျှင် အပ်နှံနိုင်မည်ဖြစ်ကြောင်း ဝက်ဘ်ဆိုက်တွင် သတင်းထုတ်ပြန်ထားသည်။ စက်မှုဇုန်များမှ ထုတ်လုပ်ခဲ့သည့် အရည်အသွေးနိမ့်ကျသော မော်တော်ယာဉ်များကို ယာဉ်အိုယာဉ်ဟောင်းအဖြစ်သတ်မှတ်အပ်နှံရေးကိစ္စတွင် ယင်းယာဉ်များအတွက် အပ်နှံရေး အချိန်ကာလတစ်ခု သတ်မှတ်ပြီးမှသာလျှင် ပိုင်ရှင်များ၏ ဆန္ဒအရ အပ်နှံခွင့်ရှိမည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ သိရသည်ဟုဆိုသည်။

အရည်အသွေးနိမ့်ကျပြီး မောင်းနှင်အသုံးပြုရန် အန္တရာယ်ရှိသည့် စက်မှုဇုန်ထုတ်ကားများမှာ အနှစ် ၂၀ မကျော်သေးသောကြောင့် ယင်းတို့အတွက် အပ်နှံနိုင်သည့် နှစ်အပိုင်းအခြားကာလတစ်ခုကို သက်ဆိုင်ရာဌာနအဖွဲ့အစည်းများက သတ်မှတ်ပြီးမှသာလျှင် အပ်နှံခွင့်ရရှိနိုင်မည်ဖြစ်သည်ဟု ဆိုသည်။ စက်မှုဇုန်ထုတ်မော်တော်ယာဉ်များကို ၂၀၀၁ ခုနှစ်မှစတင်ပြီး စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်၏ စံချိန်စံညွှန်းသတ်မှတ်ချက်နှင့်အညီ သက်ဆိုင်ရာ စက်မှုဇုန်ကြီးကြပ်ရေးကော်မတီများ၏ ကြီးကြပ်မှုဖြင့် စက်မှုဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ One Stop Service အဖြစ် ဆောင်ရွက်ပေးခဲ့ပြီး မှတ်ပုံတင်ထုတ်လုပ်ခွင့်ပေးခဲ့ရာ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလကုန်အထိ မော်တော်ယာဉ် ၉၆၆၄၈ စီး မှတ်ပုံတင်ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ဆက်လက်ကာလည်း အဆိုပါ စက်မှုဇုန်ထုတ်မော်တော်ယာဉ်များကို ထုတ်လုပ်ခွင့်ပြုထားကြောင်း သိရသည်။

စက်မှုဇုန်များမှ မော်တော်ယာဉ်များ ထုတ်လုပ်ခွင့်ပြုခဲ့ရာတွင် လူစီးယာဉ်၊ အခြားယာဉ်၊ ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်ဟု အမျိုးအစားလေးမျိုး ထုတ်လုပ်ခွင့်ပြုခဲ့ကြောင်း၊ စက်မှုဇုန်များမှ ထုတ်လုပ်ခဲ့သော မော်တော်ယာဉ်များသည် သုံးလေးနှစ်ခန့်သာ မောင်းနှင်အသုံးပြုနိုင်ပြီး ပျက်စီးမှုများလာ၍ ယာဉ်အန္တရာယ်ဖြစ်နိုင်သည့် အနေအထားများရှိသည်ဟုဆိုကြောင်း ဝက်ဘ်ဆိုက်သတင်းတွင် ဖော်ပြထားသည်။

Internet Journal