မြန်မာ့ရေထွက်ကုန်ပစ္စည်းများ တရုတ်ဈေးကွက်သို့ တင်ပို့ရာတွင် သတ်မှတ်စံနှုန်းများနှင့်အညီ မှတ်ပုံတင်ရမည်ဟုဆို

ပို့စ်တင်ချိန် - 3/16/2014 02:51:00 PM

မူဆယ် ၁၀၅ မိုင် ရေထွက်ကုန်ပစ္စည်း တင်ပို့သည့် လုပ်ငန်းခွင်တစ်နေရာအား တွေ့ရစဉ်

Written by: မျိုးမင်းထက်၊ရှိုင်းလင်းအောင်

ရေထွက်ကုန်ပြုပြင်ထုတ်လုပ်သည့် ကုမ္ပဏီများအနေဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် သတ်မှတ်စံနှုန်းများနှင့်အညီ မှတ်ပုံတင်ကာ တင်ပို့နေရပြီး လက်ရှိတွင် ပြည်တွင်းကုမ္ပဏီ ၇၀ ကျော်မှ တရုတ်နိုင်ငံသို့ တင်ပို့ရန် မှတ်ပုံတင်ထားကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ သတင်းရရှိသည်။
ယခင်က တရုတ်နိုင်ငံသို့ မြန်မာ့ရေထွက်ကုန်များ တင်ပို့ရာတွင် လွတ်လွတ်လပ်လပ် တင်ပို့ခွင့်ရရှိခဲ့ပြီး ၂၀၁၃ ခုနှစ် သြဂုတ် အတွင်းမှစတင်ကာ တရုတ်နိုင်ငံရှိ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရေးဆိုင်ရာ တရားဝင်စီမံခန့်ခွဲမှုအဖွဲ့အစည်း (CNCA) ထံတွင် မှတ်ပုံတင်ပေးရကြောင်း ငါးလုပ်ငန်းဦးစီးဌာန၊ FIQC ဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ဒီနောက်ပိုင်း တရုတ်နိုင်ငံကလည်း ကျွန်တော်တို့ဆီက ထွက်တဲ့ ရေထွက်ကုန်တွေကို အကုန်ယူမယ့် အနေအထားမဟုတ်ဘဲနဲ့ သူ့ရဲ့စံတွေနဲ့ သတ်မှတ်လာတယ်။ ဥပမာ ဘယ်လိုအရည်အသွေးရှိမှ ယူမယ်။ ဒါမျိုးတွေပေါ့။ နိုင်ငံတကာစံချိန်စံညွှန်းနဲ့အညီ လုပ်မှ တင်ပို့လို့ရတယ်။ တရုတ် တင်ပို့ချင်တယ်ဆိုရင် ကျွန်တော်တို့ ဌာနက သွားပြီး စစ်ပေးရတယ်။ အကုန်ပြည့်စုံပြီဆိုရင် ဒီကုမ္ပဏီက တင်ပို့မယ်ဆိုတဲ့အကြောင်းကို ကျွန်တော်တို့ဌာနက မှတ်ပုံတင် ပေးရတယ်။ အခု တရုတ်ကို တင်ပို့ဖို့ မှတ်ပုံတင်ထားတဲ့ စက်ရုံ ၇၈ ရုံရှိပြီ”ဟု ငါးလုပ်ငန်းဦးစီးဌာန၊FIQC ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဆက်လက်ပြီး ငါးလုပ်ငန်းဦးစီးဌာန FIQC ဌာနမှ တာဝန်ရှိသူတစ်ဦးက “အဲဒီကုမ္ပဏီ ၇၀ ကျော်ထဲ အကုန်လုံးတော့ ရေထွက်ကုန် မတင်ပို့ဘူး။ ပို့နေတဲ့ ကုမ္ပဏီတွေလည်း ရှိတယ်”ဟု ပြောကြားသည်။
လက်ရှိတွင် မြန်မာနိုင်ငံမှ ထွက်ရှိသော ရေထွက်ကုန်အများစုကို တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိပြီး ဒုတိယအများဆုံးမှာ ထိုင်းနိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။
“ငါးဦးစီးက စစ်ဆေးပြီးရင် တရားဝင် ခွင့်ပြုပေးပါတယ်။ အန်ကယ်တို့အနေနဲ့ တရုတ်နိုင်ငံကို တိုက်ရိုက်မှတ်ပုံတင်စရာ မလိုဘူး။ ငါးဦးစီးက စစ်ဆေးပြီးလို့ စက်ရုံရဲ့ အင်္ဂါရပ်နဲ့ ညီညွတ်တယ်ဆိုရင် ပို့လို့ရတယ်” ဟု မြန်မာနိုင်ငံ ရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဆက်လက်ပြီး အီးယူ၏ GSP အခွင့်အရေးဖြင့် မြန်မာ့ရေထွက်ကုန်များ တင်ပို့ခွင့်ရရှိနေပြီး လက်ရှိတွင် အီးယူ၏ သတ်မှတ်စံနှုန်းများနှင့်အညီ ရေထွက်ကုန်ပြုပြင်ထုတ်လုပ်သည့် စက်ရုံ ၂၀ အထိ ရှိလာပြီဖြစ်ကြောင်း သတင်းရရှိသည်။

Eleven Media Group