ဘူးသီးတောင်နယ် ရှင်ပြုပွဲ တစ်ခုတွင် ဓါးထိုးမူ ဖြစ်၍ တစ်ဦးသေ

ပို့စ်တင်ချိန် - 3/22/2014 07:11:00 PM


(နိရဉ္စရာ- ၂၂ မတ်လ ၂၀၁၄)

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဖက်လိပ်ပေါက်တော ကျေးရွာ ရှင်ပြုပွဲ တစ်ခုတွင် အရက်သောက်စကားများကြရာမှ ဓါးထိုးမူ ဖြစ်ပွား၍ ကျေးရွာသားတစ်ဦး သေဆုံးသွားသည်ဟု သတင်း ရရှိသည်။

သေဆုံးသွားသူမှာ ဖက်လိပ် ပေါက်တောကျေးရွာမှ ဦးဘခိုင် ဖြစ်ကြောင်း ဒေသခံ ရွာသား တစ်ဦးက ပြောသည်။

“ မနေ့က အဲဒီကျေးရွာက ဦးလှထွန်းမှာ ရှင်ပြုပွဲ မဏ္ဍပ်ဝင်နေ့ ဖြစ်ပါတယ်။ ညနေပိုင်းမှာ အရက်ဝိုင်းမှာ စကားများကြရာကနေ မှန်နီပြင်ကျေးရွာသား အောင်ကျော်လှကနေ ဓါးနဲ့ထိုးတဲ့ အတွက် ဦးဘခိုင် သေဆုံးသွားပါတယ်” ဟု ပြောသည်။

ဖက်လိပ်ပေါက်တော ကျေးရွာမှာ ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ် အစပ်တွင် တည်ရှိပြီး မှန်နီပြင်ကျေးရွာမှာ ရသေ့တောင်မြို့နယ်တွင် တည်ရှိသည်။

ယခုအခါ  လူသတ် တရားခံ အောင်ကျော်လှမှာ ထွက်ပြေးလွှတ်မြောက်သွားသည်ဟု သိရသည်။

“ အခုတော့ ဘူးသီးတောင်မြို့မရဲစခန်းမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရောက်နေပါပြီ။ ဦးဘခိုင်ရဲ့ အလောင်းကိုတော့ ဘူးသီးတောင်ကို ယူသွားပါတယ်” ဟု သူက ဆက်ပြောသည်။

အဆိုပါ လူသတ်မူနှင့် ပတ်သက်ပြီး ပိုမို သိရှိနိုင်အောင် ညောင်ချောင်း ရဲစခန်းသို့ ဖုံးမှ တဆင့် ဆက်သွယ်သော်လည်း အဆက်အသွယ် ရရှိခြင်း မရှိပါ။

Narinjara