လွှတ်တော်က ခရိုနီတွေ အတွက်လား

ပို့စ်တင်ချိန် - 3/27/2014 03:39:00 PM


မြန်မာနိုင်ငံထဲမှာ ရင်းနှီးမြှုပ်နှံဖို့ လာရောက်လေ့လာတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ အဓိက
အာရုံထားကြည့်လေ့ရှိတာက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေကိစ္စ၊ အခြေခံ အဆောက်အအုံပြဿနာ၊
ဘဏ္ဍာရေးဆိုင်ရာ ကိစ္စနဲ့ ရေရှည်မှာ နိုင်ငံရေးအရ တည်ငြိမ်မှု ရှိ မရှိ စတဲ့အချက်တွေပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့တုန်းကတော့ လွှတ်တော်ထဲမှာ နိုင်ငံခြားဘဏ်တွေ ၀င်ရောက်
လုပ်ကိုင်ခွင့်နဲ့ ပတ်သက်ပြီး အခြေအတင် ဆွေးနွေးခဲ့တာ တွေ့ရပါတယ်။ ဗဟိုဘဏ်ဘက်က
ဘာတွေတင်ပြပြီး လွှတ်တော်ဘက်က ဘာတွေ ဆွေးနွေးခဲ့ကြသလဲ၊ လွှတ်တော် နာယက
သူရဦးရွှေမန်းက ဘာမှတ်ချက်တွေ ပေးသလဲ၊ အဲဒီအတွက် လွှတ်တော်ဆိုတာ ဘယ်သူတွေ
ဘက်ကရပ်တည်ပြီး ဦးတည်ဆွေးနွေးရာရောက်သွားစေသလဲဆိုတာ တင်ပြသွားပါ့မယ်။

အဲဒီနေ့က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်းတွေရဲ့
ရသုံးငွေ အပါအ၀င် နှစ်အလိုက် လျှော့ချဆောင်ရွက်မယ့် လုပ်ငန်းစီမံချက် အခြေအနေတွေကို
သက်ဆိုင်ရာ ၀န်ကြီးဌာနအလိုက် ဆွေးနွေးကြပါတယ်။

အဲဒီမှာ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးစိုးမင်းက သူတို့လုပ်ကိုင်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေနဲ့
ပတ်သက်ပြီး ရှင်းလင်းပြောဆိုပါတယ်။

သူက မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေကို အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ရဲ့
အကူအညီနဲ့ ရေးဆွဲခဲ့ပြီး ဗဟိုဘဏ်က လိုက်နာကျင့်သုံးရမယ့် စည်းမျဉ်းတွေကိုလည်း နိုင်ငံတကာ
ငွေကြေး ရန်ပုံငွေအဖွဲ့ရဲ့ အထောက်အကူပြုမှုနဲ့ ရေးဆွဲခဲ့ပြီ ဖြစ်တဲ့အကြောင်း၊ လက်ရှိ မြန်မာနိုင်ငံမှာ
ပုဂ္ဂလိကဘဏ်တွေ ထူထောင်ပြီး လုပ်ကိုင်နေကြတဲ့ အကြောင်း၊ ဒီဘဏ်တွေဟာ ငွေထုတ်ချေး
ရာမှာ အကန့်အသတ်တွေ ရှိနေတဲ့အကြောင်း၊ အဲဒီလို ဖြစ်ရတာဟာလည်း မတည်ရင်းနှီးငွေ
နည်းလို့ဖြစ်ပြီး အခြားနေရာတွေကလည်း ထောက်ပံ့မှုမရနိုင်ဘူးလို့ ရှင်းပြပါတယ်။

တကယ်လို့ နိုင်ငံခြားဘဏ်တွေကို လုပ်ကိုင်ခွင့် ပြုလိုက်ရင် အဲဒီဘဏ်တွေဟာ နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေကိုသာမက မြန်မာ ကုမ္ပဏီတွေကိုလည်း ငွေထုတ်ချေးနိုင်တဲ့အကြောင်း၊
အရင်အစီအစဉ်တွေအရ နိုင်ငံခြားဘဏ်တွေဟာ ပထမအဆင့် ကိုယ်စားလှယ်ရုံးတွေ ဖွင့်ရမယ်၊
နောက် Joint Venture ဖွင့်ခွင့် ပြုရမယ်၊ နောက် subsidiary လုပ်ခွင့်ပေးရမယ်၊ နောက်ဆုံး
ဘဏ်ခွဲတွေ ဖွင့်ခွင့်ပေးမယ်စသဖြင့် အစီအစဉ်ဆွဲထားတာတွေ ရှိတဲ့အကြောင်း၊ ဒါပေမဲ့ အဲဒီလို
အဆင့်ဆင့်လုပ်နေမယ်ဆိုရင် အချိန်တွေကြာသွားပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေရော
မြန်မာကုမ္ပဏီတွေကိုပါ ကာလကြာမှ ထောက်ပံ့နိုင်တော့မှာ ဖြစ်ကြောင်း၊ ဒါကြောင့် ဒါကို
ဗဟိုဘဏ်အနေနဲ့ မြန်မြန်ဆန်ဆန် လုပ်ကိုင်ဆောင်ရွက်နေကြောင်း၊ နိုင်ငံခြားဘဏ်တွေကို
ဖက်စပ်ကုမ္ပဏီအနေနဲ့ ဖြစ်စေ၊ ဘဏ်ခွဲဖြစ်စေ၊ မြန်မာနိုင်ငံမှာ တည်ထောင်တဲ့ ငွေရေးကြေးရေး
အဖွဲ့အစည်းပုံစံနဲ့ ဖြစ်စေ သင့်တော်သလို ခွင့်ပြုပေးသွားမယ်လို့ ဆိုပါတယ်။

ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ပြောစကားတွေအားလုံးကို ခြုံငုံသုံးသပ်ရင် မြန်မာ့စီးပွားရေးကို တွန်းတင်ဖို့၊
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေရော၊ မြန်မာကုမ္ပဏီတွေပါ အကျိုးရှိစေဖို့၊ နိုင်ငံခြားဘဏ်
လုပ်ငန်းကို မြန်မြန်ဆန်ဆန် ခွင့်ပြုသွားဖို့ လုပ်နေတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။

ဒီအခါ ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေရေးကြေးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ
ဥက္ကဋ္ဌ ဦးအောင်သောင်းကစပြီး ဗဟိုဘဏ်ရဲ့ အစီအစဉ်ကို ကန့်ကွက်ပါတယ်။

သူက ပြည်တွင်း ပုဂ္ဂလိကဘဏ်တွေ ဖွင့်ခွင့်ရတာ သိပ်မကြာသေးတဲ့ အကြောင်း၊ အတွေ့အကြုံ
လည်းနည်း၊ နည်းပညာလည်း နည်းနေတဲ့အကြောင်း၊ ဒါကြောင့် ပြည်တွင်းဘဏ်တွေ ဖွံ့ဖြိုး
တိုးတက်ရေး ခိုင်မာရေးဟာ ပိုအရေးကြီးတဲ့ အကြောင်း၊ နိုင်ငံခြားဘဏ်လုပ်ငန်းတွေ လုပ်ခွင့်ပေးဖို့
အလျင်စလို မလုပ်သင့်တဲ့အကြောင်း၊ ကိုယ့်ဘက်က အဆင်သင့်ဖြစ်မှ လုပ်ခွင့်ပေးဖို့ လိုတဲ့
အကြောင်း ပြောပါတယ်။

ဦးအောင်သောင်းနဲ့ အမတ်တချို့က အဲဒီလို ဆွေးနွေးသလို လွှတ်တော်နာယက သူရဦးရွှေမန်း
ကိုယ်တိုင်ဒီကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးပါတယ်။

သူက ပြည်တွင်းပုဂ္ဂလိကဘဏ်တွေ ကိုယ်ခံအား တောင့်တင်းဖို့ ငွေရေးကြေးရေး အဖွဲ့အစည်းတွေ၊
အစိုးရလွှတ်တော်နဲ့ ဗဟိုဘဏ်တွေက ကိုယ့်လူကို ကိုယ်လုပ်ပေးရမယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဗဟိုဘဏ်အနေနဲ့ ပုဂ္ဂလိက ဘဏ်တွေ၊ ငွေရေးကြေးရေးဆိုင်ရာ ကော်မတီတွေ၊
လွှတ်တော်က ကျွမ်းကျင်သူတွေ၊ တတိယ အင်အားစုတွေ အားလုံးနဲ့ ဆွေးနွေးညှိနှိုင်း တိုင်ပင်
ဆောင်ရွက်ကြပါဆိုပြီး ညွှန်ကြားပါတယ်။

ဒီနေရာမှာ သူရဦးရွှေမန်း ပြောခဲ့တာ တစ်ခုကတော့ ကိုယ့်ဘက်က အဆင်သင့်မဖြစ်သေးဘဲနဲ့
ဆောင်ရွက်ခဲ့လို့ ထိုက်သင့်တဲ့ အခွင့်အရေး မရခဲ့တဲ့ နမူနာရှိခဲ့တယ်ဆိုပြီး ပြောဆိုပါတယ်။

သူရည်ညွှန်းတာ ပြီးခဲ့တဲ့နှစ်က နိုင်ငံခြားကုမ္ပဏီတွေကို ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်
ခေါ်ပြီး ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုလိုက်တဲ့ ကိစ္စပါ။

တင်ဒါကြေညာခါနီးမှာကို လွှတ်တော်က တားမြစ်ဖို့ ကြိုးစားခဲ့ပေမယ့် သမ္မတက လက်မခံပဲ
ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

သူရဦးရွှေမန်းဆိုလိုတာ အဲဒီလိုလုပ်လိုက်လို့ ပြည်တွင်းက ကုမ္ပဏီတွေ စီးပွားရေးလုပ်ငန်းရှင်တွေ
အခွင့်အရေး ဆုံးရှုံးခဲ့တယ်လို့ ဆိုလိုရင်း ဖြစ်ပါတယ်။

တကယ်တော့ ဆက်သွယ်ရေးကိစ္စမှာ သူရဦးရွှေမန်းဟာ သန်း ၆၀ ရှိတဲ့ နိုင်ငံသားတွေရဲ့
အကျိုးစီးပွား၊ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးမှာ အထောက်အကူဖြစ်မယ့် ဆက်သွယ်ရေးကဏ္ဍ
တိုးတက်ရေးဆိုတာထက် နိုင်ငံခြား ကုမ္ပဏီတွေကို ၀င်မလာစေဘဲ ဆက်သွယ်ရေး လိုင်စင်ရရင်
အကျိုးအမြတ်ကြီးကြီး ရကြမယ့် လက်တဆုပ်စာ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင် တချို့
အခွင့်အရေး မရလိုက်တာကို အမှားတစ်ခုလို့ မှတ်ယူထားပုံ ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အခုနိုင်ငံခြားဘဏ်တွေ ဖွင့်ခွင့်ပြုရေးကိစ္စမှာလည်း သန်း ၆၀ သော ပြည်သူတွေ
အကျိုးအတွက် ဒါကို မြန်မြန်ဆန်ဆန် အကောင်အထည် ဖော်သင့်တယ်ဆိုပြီး ဗဟိုဘဏ် ဒုဥက္ကဋ္ဌ
ဦးဆက်အောင်ကလည်း ထုတ်ဖော်ပြောဆိုထားပါပြီ။

တကယ့်တကယ် ဆန်းစစ်ကြည့်ရင်လည်း ပြည်တွင်းကို ၀င်ရောက်လာနေပြီဖြစ်တဲ့၊ ၀င်ရောက်ဖို့
ပြင်ဆင်နေတဲ့ နိုင်ငံခြား ကုမ္ပဏီတွေ အတွက်ရော၊ ပြည်တွင်းက ကုမ္ပဏီတွေ အကျိုးအတွက်ပါ
နိုင်ငံခြားဘဏ်တွေ ၀င်ရောက်ဖို့ အချိန်တန်နေပါပြီ။

ဒီနေရာမှာ ပုဂ္ဂလိက ဘဏ်လုပ်ငန်း လုပ်ကိုင်နေတဲ့ အများစု ခရိုနီတွေဖြစ်တဲ့ ဘဏ်လုပ်ငန်းရှင်
တချို့ အခွင့်အရေး နည်းပါးကောင်း နည်းပါးသွားနိုင်ပါတယ်။

ဒါပေမဲ့ သန်း ၆၀ ပြည်သူ၊ များပြားလှတဲ့ မြန်မာကုမ္ပဏီတွေနဲ့ နိုင်ငံ့စီးပွား ဖွံ့ဖြိုးရေး အတွက်ကတော့
အကြီးအကျယ် အကျိုးရှိသွားစေမှာ ဖြစ်ပါတယ်။

ဒီအတွက် နိုင်ငံခြားဘဏ် လုပ်ကိုင်ခွင့်ပြုဖို့ ကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်ဟာ ဗဟိုဘဏ်ရဲ့
လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်မှုကို စွက်ဖက်ရာ ရောက်နေသလား၊ လွှတ်တော်ရဲ့ သဘောထား
ရပ်တည်ချက်ဟာ လူနည်းစု ခရိုနီတွေအတွက်ပဲ ဖြစ်နေသလားဆိုတာ မေးခွန်းထုတ်ဖို့သာ
ရှိပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

Myanmar Times