တမုတ်ဆိုးကျေးရွာ၏ပြစ်ဒဏ်

ပို့စ်တင်ချိန် - 3/05/2014 05:41:00 PM



---------------
ရေးသားသူ- ညီညီဇော်

‘‘ဒီတစ်ခါတော့ ကျုပ်က ဂါတ်တဲတိုင်တော့မှာ မရတော့ဘူး။ ဒီအရည်တွေချည်း သောက်သောက်လာတာ။ အိမ်ကနှင်ချလည်းမဆင်းဘူး။ နောက်ဆုံး ကိုယ်ပဲဆင်းရတော့မယ့်ကိန်းပဲ’’

အသက်(၆၀)ကျော်ပြီဖြစ်သည့် ဒေါ်မြက ၎င်း၏သားသမက်အကြောင်း ကရုဏာဒေါသဖြင့် ပြောပြနေခြင်းဖြစ်သည်။

ဒေါ်မြက အမရပူရမြို့နယ် တမုတ်ဆိုးရွာမှာနေသည်။ ဒေါ်မြ၏သမက်မှာ အလုပ်ကြိုးစားသော်လည်း အရက်ခဏခဏသောက်နေ၍ ဒေါ်မြစိတ်ညစ်ရသည်။ မူးလာလျှင် မိန်းမကို နည်းနည်းရစ်ချင်သည်။ ဒါကြောင့် သူမူးလာပြီဆိုလျှင် ဒေါ်မြက ရပ်ကွက်လူကြီးပြေးခေါ်လေ့ရှိသည်။ ရပ်ကွက်လူကြီးပြေးခေါ်ရတာကလည်း အကြောင်းရှိသည်။ ဒေါ်မြတို့ တမုတ်ဆိုးရွာတွင် အခြားကျေးရွာများနှင့် အနည်းငယ်ခြားနားနိုင်သည့် ဒဏ်ပေးစနစ်များ ရှိနေခြင်းကြောင့်ပင်ဖြစ်သည်။

အခြားကျေးရွာနှင့် ရပ်ကွက်များတွင် ညကြီးအချိန်မတော် လင်မယား (သို့မဟုတ်) ဆွေမျိုးသားချင်း အိမ်နီးချင်းရန်ဖြစ်နေသည်ပဲဖြစ်ဖြစ်၊ မူးလာပြီးဆူရင်ပဲဖြစ်ဖြစ် ရပ်ကွက်လူကြီးရောက်မလာမချင်း ပတ်ဝန်းကျင်ရှိသူများ အိပ်ရေးပျက်ရပါလိမ့်မည်။ စိတ်ညစ်ရပါလိမ့်မည်။ နောက်ဆုံးမခံမရပ်နိုင်ဖြစ်၍ သွားပြောပါက ပြဿနာက သင့်ထံသို့ပင် မြားဦးလှည့်လာနိုင်ပါသည်။

တမုတ်ဆိုးရွာတွင်တော့ ပတ်ဝန်းကျင်အထိတ်တလန့်ဖြစ်အောင် ရန်ဖြစ်နေတာမျိုး မူးပြီးဆူညံနေတာမျိုးဖြစ်သည်ဆိုပါက ဆယ်အိမ်ခေါင်း(သို့မဟုတ်) ရပ်ရွာလူကြီးတစ်ဦးဦး ဓာတ်မီးတ၀င့်ဝင့်ဖြင့် ရောက်လာပါမည်။ ညကြီးအချိန်မတော်မို့ မဖြစ်သင့်ကြောင်း ဘေးပတ်ဝန်းကျင်များကို အားနာရန်၊ မနက်လင်းမှသာ အေးအေးဆေးဆေးဖြေရှင်းရန် ဖျောင်းဖျလေ့ရှိပါသည်။ ပြောစကားနားထောင်ပြီး ငြိမ်သက်သွားတာလည်းရှိသလို နားမထောင်ဘဲ ဆက်ရန်ဖြစ်နေတာမျိုးလည်းရှိသည်ဟု တမုတ်ဆိုးကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှိုင်ကပြောပြသည်။

‘‘အဲလိုသွားဖျောင်းဖျလို့မှ မရဘူးဆိုရင်တော့ နောက်တစ်နေ့မနက် ဆင့်ခေါ်ရတော့တာပဲ’’ဟု ဦးလှိုင်ကပြောသည်။

ရပ်ရွာအတွင်းရှိ ရပ်မိရပ်ဖများကိုဖိတ်ခေါ်ကာ ရန်ပွဲကိုဖျန်ဖြေပေးရသည်။ ဖြစ်စဉ်ကို နားထောင်ပေးရသည်။ တစ်ယောက်ပြီးမှတစ်ယောက်ပြောရသည်။ လုမပြောရ။ နှစ်ဖက်ပြောစကားနှင့် သက်သေများ၏ ထွက်ဆိုချက်အပေါ်မူတည်ကာ မှန်သူမှားသူခွဲရသည်။ နောက်ဆုံးမှားတဲ့သူကိုတော့ဖြင့် ရပ်ရွာကချမှတ်ထားသည့်စည်းကမ်းအတိုင်း ရွာလည်လမ်းမ၏ လိုအပ်သည့်နေရာတွင် ကျောက်တစ်စီးဆိုတစ်စီး၊ နှစ်စီးဆိုနှစ်စီး ၀ယ်ပြီးလမ်းခင်းပေးရသည်။

‘‘ရပ်ကွက်လူထုကို တအားစိတ်အနှောင့်အယှက်ဖြစ်တယ်ဆိုရင်တော့ ကျောက်ကားနှစ်စီးလောက်ချရတယ်။ ကိုယ်တိုင်လမ်းခင်းရတယ်’’ဟု ရွာလူကြီးဦးလှိုင်ကပြောပြသည်။

အချို့ကျပြန်တော့ ရန်ဖြစ်ပြီဆိုကတည်းက မိန်းမတွေအဖြစ်များတာမို့ ဆံပင်ဖွာလန်ကြဲ၊ ထဘီဖို့ရိုးဖားရားဖြင့် ရှိုက်ကြီးတငင်ငိုကြွေးကာ ရွာလူကြီးအိမ်သို့ ဦးအောင်လာတိုင်ကြသည့်သူလည်း ရှိသည်။ အဲလိုလူတွေကျတော့ ရေပြေးခပ်တိုက်ပြီး စိတ်ငြိမ်သွားအောင် လုပ်ပေးရသည်။ ယပ်တောင်ခပ်ပေးရသည်။ အချို့ အမျိုးသမီးတွေကျတော့ ရန်ဖြစ်လို့လာတိုင်ရင်း ရွာလူကြီးအိမ်ရောက်မှ တက်သွားလို့ ပျာပျာသလဲ ပြုစုရတာလည်း ကြုံဖူးသည်ဟု ရပ်ရွာလူကြီးများကဆိုပါသည်။

‘‘ခြေမချိုးတဲ့သူချိုး ပါးစပ်လေမှုတ်ပေးတဲ့သူကပေး အလုပ်ကိုရှုပ်သွားတာပဲ’’ဟု ရွာလူကြီးဦးလှိုင်က ရယ်မောရင်းပြောသည်။

ရွာထဲရန်ဖြစ်ပြီဆို နီးစပ်ရာအိမ်နီးနားချင်းတွေက ကူဆွဲပေးကြသည်။ သို့သော် အမြဲတမ်းသွားဆွဲကာ ဖျန်ဖြေပေးရဲကြသည်တော့မဟုတ်။ ‘‘ကျုပ်တူလင်မယား
ရန်ဖြစ်နေလို့သွားဆွဲတာ အိမ်ပေါက်လည်းအရောက် ကံကောင်းလို့ခေါင်းမပေါက်တာ။ ကျောက်ပျဉ်ကြီးလွင့်ထွက်လာတာ။ မနည်းရှောင်လိုက်ရတယ်။ အဲဒီနောက်ပိုင်းမဆွဲရဲတော့ဘူး။ ရွာလူကြီးပြေးပြောလိုက်တာပဲ’’ဟု တမုတ်ဆိုးရွာနေ ဒေါ်မြကပြောပြသည်။

ညခင်းရန်ဖြစ်တာတစ်ခုတည်းကို အရေးယူသည်မဟုတ်ပါ။ နေ့ညမရွေးရန်ဖြစ်ခြင်း၊ ညစ်ညမ်းစွာပြောဆိုခြင်း၊ ရိုင်းစိုင်းစွာနေထိုင်ခြင်းများကိုလည်း ခေါ်ယူသတိပေးဆုံးမတတ်ပြီး လက်မခံပါက ဒဏ်ပေးစနစ်ကျင့်သုံးရသည်ဟု ရပ်ရွာလူကြီးများကပြောကြားသည်။

ရပ်ရွာကဖြေရှင်းပေးသည်ကို လက်မခံခြင်း (သို့မဟုတ်) ပြစ်ဒဏ်ကြီးမားနေသည်ဆိုလျှင်တော့ ရဲစခန်းကိုသာ ပို့လိုက်ရသည့်ဖြစ်စဉ်တွေလည်း ရှိသည်ဟု ရွာလူကြီးများကဆိုပါသည်။

တမုတ်ဆိုးရွာ၏ အခြားဒဏ်ပေးစနစ်များလည်း ရှိပါသေးသည်။ အလှူမင်္ဂလာဆောင်အခမ်းအနားများတွင် ရွာဓလေ့ထုံးစံအတိုင်း ၀ိုင်းကြ၀န်းကြကူညီကြတာတွေရှိသည်။ လူပျိုဆိုလျှင် ထမင်းလိုက်၊ ဟင်းလိုက်၊ ပန်းကျန်ချ၊ အပျိုဆိုလျှင် မဏ္ဍပ်ပေါက်ပန်းကမ်း၊ ဆေးလိပ်ကမ်း၊ ရေမွှေးဖျန်း အစရှိတာလေးတွေ ၀ိုင်းကူရသည်။ အဲဒီအတွက် အလှူရှင်က ကာလသားခေါင်းနှင့် အပျိုခေါင်းများမှတစ်ဆင့် လူပျိုအတွက် ဆေးလိပ်တစ်လိပ်၊ အပျိုအတွက် အာချီမိတ်ကပ်ဘူးတစ်ဘူးဖြင့် အလှူပွဲကူပေးရန် တစ်ရက်ခြားကြိုတင်ကာဖိတ်တတ်သည်။ ဖိတ်တုန်းအလှူပွဲနေ့မှာ ခရီးဝေးသွားရန်ပဲဖြစ်ဖြစ် အခြားကိုယ်ရေးကိုယ်တာအရေးကြီးကိစ္စရှိတာပဲဖြစ်ဖြစ် ခွင့်တောင်းလို့ရပါသည်။ အလှူပွဲနေ့မှာ ကာလသားခေါင်းတွေ၊ အပျိုခေါင်းတွေက လူစာရင်းစစ်ကြပြီ။ ဖိတ်ထားတာကိုလက်ခံပြီး အလှူပွဲနေ့မှာ ရောက်မလာခဲ့ဘူးဆိုရင်တော့ နေမကောင်းထိုင်မသာဖြစ်တာကလွဲလို့ တမုတ်ဆိုးရွာ၏ဓလေ့ထုံးစံအတိုင်း တာဝန်ပျက်ကွက်မှုဖြင့် တိုက်ပန်းကန်ပြားဆယ်ချပ်ဝယ်ပြီး ရပ်ရွာဘုံပိုင်ပစ္စည်းအဖြစ် လှူရပါသည်။ ရပ်ရွာမှ တာဝန်ပျက်ကွက်ပြီး လှူဒါန်းသူ၏နာမည်ကို ပန်းကန်ပြားတွင် ကျကျနနရေးထိုးပေးပါသည်။ ‘‘အိမ်ကသမက်အလှူမှာ ပန်းကန်ဆေးကျတာမသွားဘဲ ရှင်လောင်းလှည့်နဲ့ လိုက်သွားတာ ပန်းကန်ဆယ်ချပ် ၀ယ်လှူလိုက်ရတယ်လေ။ အဲဒါတောင် သူကမမှတ်ဘူး’’ဟု ဒေါ်မြက မေးလေးငေါ့ကာပြောပြသည်။

အလှူလှည့်ရာတွင် ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်ကို မဲစနစ်ဖြင့် ရွေးချယ်တတ်သည်။ ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်နေရာများ မဲပေါက်ခဲ့ပြီဆိုရင်တော့ အပျိုချောတွေ ပျော်တပြုံးပြုံး။ အဲလိုမဟုတ်ဘဲ တခြားကိုယ်မလိုချင်တဲ့နေရာတွေ ပေါက်ပြီဆိုရင် မျက်နှာတွေပျက်ကြပြီ။ မိန်းကလေးတွေမို့ တကယ့်နေရာလိုချင်ကြတာလည်းသဘာဝမို့ ကိုယ်မ၀တ်ချင်တဲ့အ၀တ်အစားနေရာမျိုးကျပြီဆိုရင် အချို့မိန်းကလေးတွေက အလှူလှည့်မည့်နေ့မှာ မလာတော့တာတွေရှိသည်။ အဲလိုလုပ်လာခဲ့ပြီဆိုရင်လည်း ထိုအပျိုချော ပန်းကန်ဆယ်ချပ်ဝယ်ဖို့သာ ပြင်ပေတော့။

သာရေးမှမဟုတ်။ နာရေးဆိုလျှင်လည်း ရွာဓလေ့အတိုင်း ၀ိုင်းကူရပါသည်။ နာရေးရှိပြီဆိုလျှင် ဒေသအခေါ် သူငယ်ချင်းကြေးဟုခေါ်သည့် နာရေးကူငွေအဖြစ် တစ်အိမ်ငါးရာပေးရသည်။ မပေးဘူးဆိုလျှင် ငါးရာအပြင် ပန်းကန်ပြားဆယ်ချပ် လှူရမည်ဖြစ်သည်။

‘‘နာရေးမှာတော့ ဒဏ်မရိုက်ရပါဘူး။ ကူကြပါတယ်’’ဟု ရွာ၏သာရေးနာရေးအဖွဲ့အစည်းအတွင်း ပါဝင်နေသော ကိုမောင်ကြူကပြောပါသည်။

ယခုတော့ တမုတ်ဆိုးရွာလေးတွင် ပြစ်ဒဏ်ကြောင့်လား ရှက်၍လားတော့မသိ။ ယခင်တုန်းကလို ရန်ဖြစ်ဆဲဆိုတာတွေ မူးပြီးဆူတာတွေနည်းသွားသည်ဟု ရွာသူရွာသားအချို့ကဆိုပါသည်။ ‘‘ကြီးတဲ့အမှုငယ်စေဆိုတဲ့ သဘောမျိုးနဲ့ပါ။ ကျွန်တော်တို့က ဆုံးဖြတ်ပေးတာမဟုတ်ဘဲ ဖြေရှင်းပေးတာပါ။ အဲဒါကိုလက်မခံဘူး။
ကျွန်တော်တို့အဆင့်နဲ့ ဖြေရှင်းလို့လည်းမရဘူးဆိုရင်တော့ ရဲစခန်းကိုပဲလွှဲပေးလိုက်တာပါပဲ’’ဟု ရွာလူကြီးဦးလှိုင်ကဆိုပါသည်။

ရန်ဖြစ်ဆဲဆိုတာတွေနည်းသွားတော့ အေးအေးချမ်းချမ်းနေထိုင်ရ၍ စိတ်ချမ်းသာသူတွေလည်းရှိသည်။ သို့သော် အဲဒီလို စိတ်ချမ်းသာတဲ့လူတွေထဲတော့ ဒေါ်မြမပါသေးပါ။ ဒေါ်မြက သမက်မူးလာတိုင်း ရွာလူကြီးပြေးခေါ်နေကျ။ သမက်ကလည်း မူးရုံသာမူးပြီးမဆူတော့ ရွာလူကြီးတွေဒဏ်ပေးရအခက်။ ဒါကြောင့် နောက်မလုပ်ရန် ပြောဆိုဆုံးမ၍သာ လွှတ်ပေးရသည်။ ဒါကို ဒေါ်မြကတော့ မကျေနပ်သေး။

‘‘ကျုပ်သမက်ကို မှတ်လောက်သားလောက်အောင် ဒဏ်တပ်စေချင်တာ။ ခက်တာက သူက သောက်သာသောက်တာ။ ဘေးပတ်ဝန်းကျင်ကို ဆူအောင်မလုပ်ဘူးဆိုတော့ ဒဏ်တပ်ရခက်နေတယ်လေ’’ဟု ဒေါ်မြကပြောပြသည်။

မည်သို့ပင်ဖြစ်စေ ဒေါ်မြတို့ တမုတ်ဆိုးရွာတွင် ရန်ဖြစ်ဆဲဆိုသံငြိမ်းကာ ရပ်ရွာလုပ်ငန်းတွေ တာဝန်ကိုယ်စီထမ်းရင်း အလှူပွဲသုံးပန်းကန်ပြားတွေက အလှူသုံးလေးပွဲလောက် ပြိုင်လုပ်ရင်တောင် လောက်ငနေပြီ။ ရွာလယ်က မြေသားလမ်းလည်း ကျောက်လမ်းတဖြည်းဖြည်းဖြစ်စပြုလာပြီ။ သို့သော် အချို့လမ်းနေရာလေးတွေမှာတော့ မြေသားလေးတွေက ပြူတစ်ပြူတစ် ထွက်ပေါ်နေတုန်းပင် ဖြစ်ပါသည်။

7Day News Journal