လျှပ်စစ်ဝန်ထမ်းကို က.ည.န ၀န်ထမ်း အယောင်ဆောင်ကာ လိမ်လည်

ပို့စ်တင်ချိန် - 3/27/2014 06:19:00 PM


လျှပ်စစ်ဓာတ်အားခွဲရုံဝန်ထမ်းတစ်ဦးကို ကညန၀န်ထမ်းအယောင်ဆောင်ထားသူတစ်ဦးက လိမ်လည်ခဲ့ သဖြင့် အရေးယူပေးရန် တိုင်ကြားမှုကို မှော်ဘီရဲစခန်းက မတ်လ ၂၅ ရက်တွင် အမှုဖွင့်ပြီး စစ်ဆေး ဖော်ထုတ်လျက်ရှိသည်။

အဆိုပါ အမှုကို မြောင်းတကာ စက်မှုဇုန်၊ မြောင်းတကာဓာတ်အားခွဲရုံဝင်းတွင် နေထိုင်သည့် ဓာတ်အား ခွဲရုံ စာရင်းကိုင် (၃) ဖြစ်သူ ဦးကျော်မျိုးထိုက် (၃၁)နှစ်က အမှုဖွင့် တိုင်တန်းထားခြင်းဖြစ်သည်။

၎င်းသည် ဓာတ်အားခွဲရုံဝင်းအတွင်း နေထိုင်သည့်သူတစ်ဦး၏ ဆက်သွယ်ပေးမှုကြောင့် သိရှိခဲ့ရသည့် ဆပ်သွားတောအုပ်စု၊ ရဲဘော်ဈေးနေ ဦးမြင့်အေး (စုံစမ်းဆဲ)ဆို သူက လိမ်လည်သွားသည်ဟု ဆိုသည်။

ထိုသူက ၎င်းသည် ကညနမှ ၀န်ထမ်းဖြစ်ကြောင်းနှင့် ဆိုင်ကယ်၊ ကားများကို သုံးရက်အတွင်း လိုင်စင် သတ်တမ်းတိုးပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ထို့ကြောင့် ကိုယ်ပိုင်ဆိုင်ကယ် တစ်စီး၊ ဌာနပိုင် ဂျစ်ကားတစ်စီး၊ တီအီးကားတစ်စီး၊ ဆိုင်ကယ် နှစ်စီးတို့၏ ၀ှီးတက်၊ အာမခံစာအုပ်၊ ယာဉ်မောင်းလိုင်စင်နှင့် ကုန်ကျငွေ ကျပ်၂၂၃,၀၀၀တို့အား မတ်လ ၁၈ ရက်က ပေး၍ ဆောင်ရွက်စေခဲ့သည်ဟု ဆိုသည်။

သို့သော် မတ်လ ၂၅ ရက်အထိ ပြန်လည်ရောက်ရှိပေးပို့ခြင်း မရှိသဖြင့် စုံစမ်းရာတွင် ဦးမြင့်အေးဆိုသူမှာ ကညနမှ ၀န်ထမ်းမဟုတ်ကြောင်း သိရှိသဖြင့် ၀န်ထမ်းအယောင်ဆောင် လိမ်လည်မှုဖြင့် အရေးယူပေးရန် တိုင်တန်းလိုက်ခြင်းဖြစ်သည်။

ယင်းတိုင်တန်းမှုကို မှော်ဘီရဲစခန်းက (ပ)၁၆၃/၂၀၁၄ဖြင့် အမှုဖွင့်ပြီး မြောင်းတကာရဲကင်းစခန်းမှ ရဲအုပ် ကျော်သက်လွင်က တိုင်တန်းခံထားရသူအား ဖမ်းဆီးစစ်ဆေးရန် ဆောင်ရွက်နေသည်။

ဖမ်းဆီးရမိ၍ ပြစ်မှုထင်ရှားကြောင်း တွေ့ရှိလာပါက ပြစ်မှုပုဒ်မ ၁၇၀/၄၂၀ တို့ဖြင့် အရေးယူသွားမည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

Mizzima Burmese