ကမ္ဘာ့အကြီးဆုံး ကွန်ဒိုမီနီယံ ကုမ္ပဏီ ရန်ကုန်၌ ကွန်ဒိုဖွင့်မည်

ပို့စ်တင်ချိန် - 3/16/2014 01:16:00 PM


ရန်ကုန်၊ မတ် ၁၅

ကမ္ဘာ့အကြီးဆုံး အဆင့်မြင့် ကွန်ဒိုမီနီယံနှင့် အိမ်ရာစီမံခန့်ခွဲမှု ကုမ္ပဏီ The Ascott Ltd. က ၎င်းတို့၏ မြန်မာနိုင်ငံတွင် ပထမဆုံး လုပ်ကိုင်မည့် အဆင့်မြင့် ကွန်ဒိုမီနီယံ စီမံကိန်းကို ရန်ကုန်မြို့၌ ၂၀၁၈ ခုနှစ်တွင် အပြီး တည်ဆောက်သွားမည် ဖြစ်ကြောင်း The Ascott Ltd. မှ အမှုဆောင် အရာရှိချုပ် Lee Chee Koon က ဆိုသည်။

ကမ္ဘာအေး ဘုရားလမ်းနှင့် ဆရာစံ လမ်းထောင့်တွင် တည်ဆောက်မည့် Somerset Kabar Aye Yangon ဟု အမည်ပေးထားသော အဆိုပါ စီမံကိန်းတွင် နိုင်ငံတကာ အဆင့်မီ စားသောက်ဆိုင်များ အပါအဝင် အားကစားခန်းမ တစ်ခု၊ ရေကူးကန် နှစ်ခုနှင့် ကလေးကစားကွင်း တစ်ခုပါ အခန်း Unit ပေါင်း ၁၅၃ ခု ပါဝင်မည် ဖြစ်ပြီး ဘက်စုံသုံး ဇိမ်ခံ ကွန်ဒိုမီနီယံ တစ်ခုအဖြစ် ဖန်တီးသွားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီဘက်က ထုတ်ပြန် ကြေညာသည်။

စင်ကာပူ အခြေစိုက် The Ascott Ltd. သည် ယခုနှစ်အတွင်း အဆင့်မြင့် ကွန်ဒိုမီနီယံ စီမံကိန်း နှစ်ခု စတင်သွားမည် ဖြစ်ပြီး တရုတ်နိုင်ငံ ဝူဟန်ရှိ Somerset Zhuankou Wuhan နှင့် ရန်ကုန်တွင် တည်ဆောက်မည့် Somerset Kabar Aye Yangon တို့ ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက ကြေညာသည်။

“ရန်ကုန်မှာ အိမ်နဲ့ အခန်း လိုအပ်ချက် များတော့ ပြည်တွင်း ပြည်ပက ကွန်ဒိုတွေ၊ အိမ်ရာတွေ တောက်လျှောက် ဆောက်နေကြတာပဲ။ ဒါပေမဲ့ တကယ့်လူတွေ တတ်နိုင်တဲ့ ဈေးနှုန်း ဖြစ်ဖို့တော့ လိုတာပေါ့။ အဲဒီလိုမှ မဟုတ်ရင် ပိုက်ဆံတတ်နိုင်တဲ့ သူတွေနဲ့ နိုင်ငံခြားသားတွေပဲ ဝယ်နိုင်မယ်။ အခြေခံ လူတန်းစားက ဒီအတိုင်းက ဒီအတိုင်းပဲ ဖြစ်နေမယ်” ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

နာမည်ကျော် အိမ်၊ ခြံ၊ မြေ လုပ်ငန်းကြီး CapitaLand မှ ပိုင်ဆိုင်သော ကမ္ဘာ့အကြီးဆုံး အိမ်ရာ စီမံခန့်ခွဲမှု ကုမ္ပဏီ ဖြစ်သည့် The Ascott Ltd. သည် ကမ္ဘာ့နိုင်ငံပေါင်း ၂၃ နိုင်ငံရှိ အိမ်ရာစီမံကိန်း ၈၃ ခုမှ အခန်း Unit ၃၂,၀၀၀ ကျော်ကို စီမံခန့်ခွဲ လုပ်ကိုင်နေပြီး ၂၀၁၅ ခုနှစ်တွင် အခန်း Unit ၄၀,၀၀၀ ကျော်အထိ တိုးချဲ့ လုပ်ကိုင်နိုင်ရန် မျှော်မှန်းထားသည်။

The Voice Weekly