နိုင်ငံခြားသားတွေ ရထားခ ကျပ်ငွေနဲ့ပဲ ပေးရတော့မည်

ပို့စ်တင်ချိန် - 3/30/2014 12:54:00 PM


မြန်မာ့မီးရထားက ပြေးဆွဲနေတဲ့ အဝေးပြေးရထားတွေနဲ့ မြို့ပတ်ရထား စီးနင်းသူ နိုင်ငံခြားသားတွေအနေနဲ့ လက်မှတ်ခ ဒေါ်လာနဲ့ ပေးချေနေရာကနေ လာမယ့် ဧပြီ ၁ ရက်နေ့ကစ မြန်မာကျပ်ငွေနဲ့ပဲ ကောက်ခံသွားတော့မယ်လို့ မြန်မာ့မီးရထားက ထုတ်ပြန်ကြေညာထားပါတယ်။

လက်မှတ်ခကို ကျပ်ငွေနဲ့ ပြောင်းလဲကောက်ခံရာမှာလည်း အရင် နိုင်ငံခြားသားတွေကို ကောက်တဲ့နှုန်းထားအတိုင်း မဟုတ်ပဲ မြန်မာနိုင်ငံသားတွေကို ကောက်တဲ့နှုန်းအတိုင်း ကောက်ခံ မယ်လို့ ရန်ကုန်ဘူတာကြီး တာဝန်ရှိသူတယောက်ကလည်း အတည်ပြု ပြောဆိုပါတယ်။

ဒီအတွက် နိုင်ငံခြားသားတယောက်ဟာ ရန်ကုန်- မန္တလေး အထူးတန်းလက်မှတ် လက်ရှိ ဒေါ်လာ ၃၀ ပေးနေရာကနေ မြန်မာတွေ နည်းတူ ကျပ်ငွေ ၉၃၀၀ ပဲ ပေးရတော့မှာ ဖြစ်သလို၊ ရိုးရိုးတန်း လက်မှတ်အတွက် ၁၁ ဒေါ်လာ ပေးနေရာကနေ ကျပ်ငွေ ၄၆၅၀ ပဲ ပေးရတော့မှာ ဖြစ်ပါတယ်။

နှစ်စဉ် ရန်ကုန်ဘူတာကြီးကနေ ရထားစီးတဲ့ နိုင်ငံခြားသား ၁ သိန်း လောက်ရှိပြီး မြို့ပတ်ရထားကို အပျော်စီးသူ ၁ နှစ် ၂ သိန်းလောက် ရှိတယ်လို့ မြန်မာ့မီးရထားက ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။

DVB Burmese