တောင်ကိုရီးယားတွင် တရားမဝင် မြန်မာ လုပ်သားဦးရေ မြင့်တက်မှု ထိန်းချုပ်မည်

ပို့စ်တင်ချိန် - 3/02/2014 03:53:00 PM


ရန်ကုန်၊ မတ် ၁

ကိုးရီးယားနိုင်ငံတွင် တရားမဝင် အလုပ် လုပ်ကိုင်နေသည့် မြန်မာ လုပ်သားဦးရေ ယခုနှစ်ပိုင်း အတွင်း မြှင့်တက်လာကြောင့် လုပ်သား ခေါ်ယူရေး နားလည်မှု စာချွန်လွှာ (MoU) တွင် ထိခိုက်နိုင်သဖြင့် တရားမဝင် လုပ်သားဦးရေ မြင့်တက်လာမှုကို ထိန်းချုပ်မည် ဖြစ်ကြောင်း အစိုးရ ပြည်ပ အလုပ်အကိုင် အေဂျင်စီမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဝင်းမြင့်က ပြောကြားသည်။

မြန်မာ လုပ်သားများ တရားမဝင် အလုပ် ပြောင်းရွှေ့ လုပ်ကိုင်ခြင်း မပြုလုပ်နိုင်ရန် အာမခံကြေး ကျပ် ၁၅ သိန်းကို တောင်ကိုရီးယား နိုင်ငံသို့ မထွက်ခွာမီ ပေးသွင်းရမည် ဖြစ်ကြောင်း၊ သတ်မှတ် သက်တမ်း မပြည့်မီ အခြားအလုပ်ကို တရားမဝင် ပြောင်းရွှေ့ လုပ်ကိုင်ပါက ယင်းအာမခံ ငွေကြေး ဆုံးရှုံးမည့် အပြင် လုပ်သား မိသားစုကလည်း ကျပ် ၁၅သိန်း ထပ်မံ ပေးလျော်ရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယခင်က အာမခံကြေး အဖြစ် ကျပ် သိန်းသုံးဆယ်နှင့် ညီမျှသည့် မရွှေ့ မပြောင်းနိုင်သည့် ပိုင်ဆိုင်မှု စာချုပ်ကို အပ်နှံခဲ့ရခြင်း ဖြစ်သည်။

လွန်ခဲ့သည့် နှစ်များက တစ်လလျှင် တရားဝင် ခွင့်ပြုချက် မရဘဲ အလုပ် ပြောင်းရွှေ့ လုပ်ကိုင်သူ နှစ်ဦးခန့်သာ ရှိသော်လည်း ယခုနှစ်ပိုင်းတွင် တစ်လျှင် ငါးဦးခန့်အထိ မြင့်တက်လာပြီး တရားမဝင် မြန်မာလုပ်သား များပြားလာကြောင်း အစိုးရ ပြည်ပ အလုပ်အကိုင် အေဂျင်စီထံမှ သိရှိရသည်။

တောင်ကိုရီးယား နိုင်ငံက နိုင်ငံခြား လုပ်သား ခေါ်ယူသည့် EPS (Employment Permit System) စနစ်အရ ကိုရီးယား အရည်အချင်းစစ် စာမေးပွဲကို ၂၀၁၃ ခုနှစ် မေလပိုင်းတွင် ပြုလုပ်ရန် ရှိပြီး ယင်းစာမေးပွဲ အောင်မြင်သူများမှ စတင်ကာ အာမခံ ကျပ် ၁၅သိန်း ကောက်ယူမည့် စနစ်ကို စတင် ကျင့်သုံးမည် ဖြစ်ကြောင်း ယင်းအေဂျင်စီထံမှ သိရှိရသည်။

တရားမဝင် လုပ်သား နှုန်းထား မြှင့်တက်လာသဖြင့် လာမည့် ဒီဇင်ဘာလတွင် သက်တမ်းတိုးမည့် အလုပ်သမား ခေါ်ယူရေး နားလည်မှု စာချွန်လွှာ (MoU) ကို ထိခိုက်လာနိုင်ကြောင်း ဦးဝင်းမြင့်က ဆိုသည်။

ကြိုးစားမှု၊ ရိုးသားမှု တို့ကြောင့် မြန်မာ လုပ်သားများကို အလုပ်ရှင်များက နှစ်သက်သော်လည်း တရားမဝင် ရွှေ့ပြောင်း လုပ်ကိုင်မှု မြှင့်တက် လာခြင်းကြောင့် လုပ်သား ခေါ်ယူရေးကို နှောင့်နှေးစေကြောင်း EPS စနစ်ကို အကောင်အထည် ဖော်နေသည့် တောင်ကိုရီးယား နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Mr. Choi Yong-il က ပြောကြားသည်။

အလုပ်ရှင်၊ လုပ်ငန်း၊ လုပ်ခလစာ ကောင်းမွန်သော စက်ရုံများတွင် သုံးနှစ် သက်တမ်းပြည့် လုပ်ကိုင်ရန် ပြဿနာ မရှိသော်လည်း အလုပ်ရှင်၏ ဆက်ဆံရေး အဆင်မပြေမှု၊ လုပ်ငန်းခွင်၊ လုပ်ခလစာ နည်းပါးသော စက်ရုံများတွင် လုပ်ကိုင်သော မြန်မာ အလုပ်သမားများ အတွက် အခက်အခဲ ရှိကြောင်း ကိုရီးယားတွင် လုပ်ကိုင်သည့် မြန်မာ လုပ်သားများထံမှ သိရှိရသည်။

တရားဝင် သွားရောက် လုပ်ကိုင်သည့် လုပ်ငန်းမှာ အခြား လုပ်ငန်းများထက် လုပ်အားခ နည်းပါးမှုကြောင့် လုပ်သား အများစု အလုပ် ပြောင်းရွှေ့ရခြင်း ဖြစ်ပြီး အချို့မှာ လုပ်ကိုင်ခွင့် သက်တမ်း ကုန်ဆုံးသော်လည်း နေရပ်မပြန်ဘဲ တရားမဝင် နည်းလမ်းဖြင့် ဆက်လက် လုပ်ကိုင်နေကြကြောင်း မြန်မာလုပ်သား တစ်ဦးက ပြောဆိုသည်။

EPS စနစ်တွင် တရားဝင် သွားရောက် လုပ်ကိုင်သည့် အလုပ်တွင် တစ်နှစ် အနည်းဆုံး လုပ်ကိုင်ပြီးပါက အလုပ်ရှင်ထံ ခွင့်ပြုချက် တောင်းခံရမည် ဖြစ်ပြီး အလုပ်ရှင် ခွင့်ပြုလျှင် တရားဝင် အလုပ် ပြောင်းရွှေ့ လုပ်ကိုင်ခွင့် ရရှိမည် ဖြစ်သည်။

လုပ်သား စေလွှတ်ရန် အစိုးရ ပြည်ပ အလုပ်အကိုင် အေဂျင်စီက တာဝန်ယူသည့် သုံးနှစ်ကျော် အကြာတွင် မြန်မာလုပ်သား ၁၈,၀၀၀ ကျော်ကို စေလွှတ်ပြီး ဖြစ်ကြောင်း ယင်းအေဂျင်စီထံမှ သိရှိရသည်။

The Voice Weekly