ကရိုင်းမီးယားဒေသကို ရုရှားတရားဝင်ရယူမှုအပေါ် ဒဏ်ခတ် အရေးယူမှုများကို လက်တုံ့ပြန်မည်ဟု ပူတင်သတိပေး

ပို့စ်တင်ချိန် - 3/21/2014 10:14:00 AM



မော်စကို၊ မတ် ၁၉

ယူကရိန်းနိုင်ငံပိုင် နယ်နိမိတ် ဖြစ်ခဲ့သော ကရိုင်းမီးယားကို ရုရှားက သိမ်းပိုက် ရယူလိုက်မှုအပေါ် အမေရိကန် ပြည်ထောင်စုနှင့် အနောက်နိုင်ငံများက ဒဏ်ခတ်အရေးယူရန် ပြင်ဆင်လျက် ရှိသော်လည်း အဆိုပါ လုပ်ဆောင်ချက်ကို လက်သင့်ခံမည် မဟုတ်ဟု ရုရှားနိုင်ငံက ထုတ်ဖော်အသိပေးပြီး နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုများ ရှိလာမည် ဖြစ်သည်ဟု ခြိမ်းခြောက်လိုက်ကြောင်း ရိုက်တာ သတင်းဌာနက ရေးသားဖော်ပြသည်။

ပင်လယ်နက်အတွင်းရှိ ကရိုင်းမီးယား ကျွန်းဆွယ်ဒေသတွင် ရုရှားစစ်ယူနီဖောင်း ဝတ်ဆင်ထားသော လက်နက်ကိုင်များက တိုက်ခိုက်ခဲ့ရာ ယူကရိန်း တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့မှုကြောင့် စစ်ရေး တင်းမာမှုများ နှစ်ဖက်စလုံး၌ မြင့်တက်နေစဉ် အဆိုပါ ဒေသကို ရုရှားဖက်ဒရေးရှင်း အတွင်းသို့ တရားဝင် ဝင်ရောက်နိုင်ရေးအတွက် သဘောတူ စာချုပ်တစ်ရပ်ကို ရုရှားသမ္မတ ဗလာတီမာပူတင်နှင့် ကရိုင်းမီးယား ခေါင်းဆောင်တို့ လက်မှတ် ရေးထိုးလိုက်ပြီ ဖြစ်ကြောင်း Reuters သတင်းဌာနက ဆိုသည်။

ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရော့ဗ်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် တယ်လီဖုန်း ပြောဆိုရာတွင် ဒဏ်ခတ် အရေးယူမှုနှင့် ပတ်သက်၍ ထိုသို့ သတိပေး ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ယူကရိန်း တပ်ဖွဲ့ဝင်တစ်ဦး တိုက်ခိုက်ခံလိုက်ရခြင်းကြောင့် သေဆုံးမှုမှာ ရုရှားနှင့် ယူကရိန်းတို့ စစ်ရေးတင်းမာမှု ဖြစ်ပေါ်နေသည့် ကာလများအတွင်း အဆိုးရွားဆုံးသော ဖြစ်ရပ်တစ်ခုသဖွယ် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပြီး အနောက်ကမ္ဘာ လိုလားသော ယူကရိန်း ကြားဖြတ်ဝန်ကြီးချုပ် အာဆန်နီယတ်ဆန်ညွတ်က ယင်းဖြစ်ရပ်ကို စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြောဆိုကာ ပဋိပက္ခများ အရှိန်ပိုမို မြင့်တက်လာခြင်း မရှိစေရန် နိုင်ငံတကာအဆင့် ဆွေးနွေးပွဲများ ပြုလုပ်ရမည် ဖြစ်သည်ဟု တိုက်တွန်း ပြောဆိုသည်။

ကရိုင်းမီးယားဒေသ ရုရှားထဲသို့ ဝင်ရောက်ရေးအတွက် တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သော လူထုဆန္ဒ သဘောထား ကောက်ခံမှုသည် ရုရှား ဖက်ဒရေးရှင်းနှင့် ပြန်လည် ပူးပေါင်းလိုသော ပြည်သူများ၏ ဆန္ဒသဘောထားကို ထုတ်ဖော် ပြသလိုက်ခြင်းပင် ဖြစ်သည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က ကရိုင်းမီးယား ခေါင်းဆောင်များနှင့် ပဋိညာဉ် လက်မှတ်ရေးထိုးသည့် အခမ်းအနားတွင် ပြောကြားသည်။

အဆိုပါ လက်မှတ်ရေးထိုးသည့် အခမ်းအနား ကျင်းပချိန်တွင် မော်စကို မြို့တော်၌ ရုရှားအမျိုးသား သီချင်းများ ဖွင့်ထားခဲ့ပြီး မျိုးချစ် အင်အားစုများက ရုရှားအလံများ ဝှေ့ယမ်းကာ အောင်ပွဲခံခဲ့ကြသည်။
“ပြည်သူလူထု၏ စိတ်ဓာတ်နှင့် နှလုံးသားထဲတွင် ကရိုင်းမီးယား ဟူသည်မှာ ရုရှား၏ ခွဲထုတ်၍ မရနိုင်သော အစိတ်အပိုင်း ဖြစ်နေတော့မည်” ဟု ဖော်ပြပါရှိသည့် အဆိုပါ ပဋိပညာဉ်ကို ပါလီမန် လွှတ်တော်က အတည်ပြုလိမ့်မည် ဖြစ်သည်။

ယူကရိန်း ကြားဖြတ်အစိုးရ သမ္မတ အိုလက်ဆန်ဒါတာချင်နော့က ထိုသို့ ကရိုင်းမီးယားအား ရုရှားပိုင် ဖြစ်အောင် လုပ်ဆောင်မှုသည် ဒုတိယကမ္ဘာစစ် မတိုင်မီ သြစတြီးယားနှင့် ချက်ကိုဆလို ဗားကီးယားတို့ကို နာဇီဂျာမန်များ သိမ်းပိုက် ရယူမှုမျိုးပင် ဖြစ်ကြောင်း ဝေဖန် ပြောကြားသည်။
အမေရိကန် ပြည်ထောင်စု ဒုတိယသမ္မတ ဂျိုးဘီဒင်ကမူ ရုရှားသည် မြေသိမ်းသူတစ်ဦး ဖြစ်သည်ဟု စွပ်စွဲပြောဆိုပြီး ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရော့ဗ်က ကရိုင်းမီးယား ရီပတ်ဗလစ်မှ ပြည်သူများသည် ၎င်းတို့၏ ပြည်တွင်းရေး ရွေးချယ်မှုတစ်ရပ်ကို ကုလသမဂ္ဂ ပဋိညာဉ်၊ နိုင်ငံတကာ ဥပဒေတို့နှင့် တစ်သားတည်း ဖြစ်အောင် လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်ကြောင်း တုံ့ပြန် ပြောကြားသည်။

အမေရိကန် ပြည်ထောင်စုနှင် အနောက်နိုင်ငံများ ဒဏ်ခတ်အရေးယူမည့် ကိစ္စနှင့် ပတ်သက်၍ ရုရှားသမ္မတ ဗလာဒီမာပူတင်က ရန်စပြုမူသော လုပ်ဆောင်ချက် တစ်ရပ်ဟု ရှုမြင်သင့်ကြောင်း၊ ရုရှားအစိုးရ အနေနှင့် လက်တုံ့ပြန်မှု လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
The Voice Weekly