ငွေစာရင်းကိစ္စ မုံရွာတက္ကသိုလ် ဝန်ထမ်းများ ရန်ပွဲဖြစ်မှု ခုံအဖွဲ့ဖွဲ့၍ စစ်ဆေးမည်ဟုဆို

ပို့စ်တင်ချိန် - 3/16/2014 10:33:00 PM


မုံရွာနာရီစင်

မုံရွာ၊ မဇ္ဈိမ။            ။ စစ်ကိုင်းတိုင်၊ မုံရွာမြို့၊ မုံရွာ တက္ကသိုလ်ကျောင်းဝင်းအတွင်း တက္ကသိုလ်၏ စီမံ/ဘဏ္ဍာဌာနရှိ ရုံးခန်းမတွင် ယခုလ ၁၂ ရက် နံနက် ၁၁ နာရီခွဲအချိန်က ဌာနဆိုင်ရာ ငွေစာရင်းများ ရှင်းရာမှ ဝန်ထမ်းများ ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းကို တက္ကသိုလ်က ခုံရုံးဖွဲ့၍ စစ်ဆေးမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်ဟု မုံရွာမြို့နယ်ရဲစခန်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက မတ်လ ၁၅ ရက်တွင် ပြောသည်။

ဖြစ်စဉ်မှာ မုံရွာ တက္ကသိုလ် စီမံ/ ဘဏ္ဍာဌာနတွင် ရုံးလုပ်ငန်းများဆောင်ရွက်နေကြသည့် စီမံ /ဘဏ္ဍာ ဌာနမှူး(ဌာနခွဲ မှူး)နှင့် လက်ထောက် ဌာနစုမှူး တို့သည် ဌာနဆိုင်ရာ ငွေစာရင်းများ ပြုစုကြရာမှ စကားများ၍ ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု တက္ကသိုလ်မှ မျက်မြင်ဖြစ်သူ ဝန်ထမ်းတစ်ဦးက ပြောပြသည်။

ထိုသို့ ခိုက်ရန်ဖြစ်ပွားခဲ့သည့်အတွက် ဌာနစုမှူးအမျိုးသမီးတွင် ဦးခေါင်းနောက်စေ့ ဘယ်ဖက်ခြမ်းနှင့် ပခုံးပြတ်ရှဒဏ်ရာများ ရရှိခဲ့ သည်ဟု ၎င်း ဆေးဝါးကုသမှု ခံယူနေသည့် ဆေးရုံမှ ကျန်းမာရေး ဝန်ထမ်းတစ်ဦးက ပြောသည်။

ဒဏ်ရာရရှိသူ၏ ကျန်းမာရေးအခြေအနေသည် ကောင်းမွန်လာပြီး အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာ မရှိတော့ဟု အထက်ပါ ဝန်ထမ်းကဆိုသည်။

အဆိုပါ ဌာနတွင်း ခိုက်ရန်ဖြစ်ပွားခဲ့မှုနှင့် ပတ်သက်၍ မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ် ကျော်လှိုင်မိုးနှင့် အဖွဲ့သည် မုံရွာ တက္ကသိုလ် သို့သွားရောက်ပြီး တာဝန်ခံ ပါမောက္ခချုပ်နှင့် တွေ့ဆုံခဲ့ရာ ဖြစ်ပွားမှုသည် သာမန်ရုံးတွင်း ပြဿနာ ဖြစ်သည့်အတွက် ထိုသူတို့ကို ခုံဖွဲ့၍ စစ်ဆေး ဆောင်ရွက်က အရေးယူသွားမည် ဖြစ်ကြောင်း တုန့်ပြန်ပြောကြားခဲ့သည်ဟု ဆိုသည်။

Mizzima Burmese