စစ်တွေပဋိပက္ခ ပြန်လည်တည်ငြိမ်၊ ဗိုလ်ချုပ်ကြီး လှဌေးဝင်း ဦးဆောင်သည့် အဖွဲ့ စစ်တွေရောက်

ပို့စ်တင်ချိန် - 3/29/2014 02:51:00 PM




ရန်ကုန်၊ မတ် ၂၈

INGO ဝန်ထမ်း နိုင်ငံခြားသား အမျိုးသမီးတစ်ဦးက သာသနာ့အလံကို ဖြုတ်ချရာမှ ရခိုင်ပြည်နယ် စစ်တွေမြို့ ဒေသခံနှင့် INGO များကြား တစ်ရက်ကျော်ကြာ ဖြစ်ပွားခဲ့သည့် ပဋိပက္ခသည် မတ်လ ၂၈ ရက်နေ့တွင် ပြန်လည် တည်ငြိမ်သွားပြီ ဖြစ်ပြီး ကာကွယ်ရေး ဝန်ကြီးဌာနမှ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ စစ်တွေ ရောက်ရှိနေပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်နှင့် နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး လုပ်ငန်းများကို ကူညီရန် ဗိုလ်ချုပ်ကြီး လှဌေးဝင်း ဦးဆောင်ကာ ဒုတိယဗိုလ်ချုပ်ကြီး လှမင်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း၊ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းနှင့် ရဲချုပ် ဇော်ဝင်းတို့ အဖွဲ့သည် ရခိုင်ပြည်နယ်သို့ မတ်လ ၂၈ ရက်နေ့တွင် ရောက်ရှိနေကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောဆိုထားသည်။

ဗိုလ်ချုပ်ကြီး လှဌေးဝင်းသည် တပ်မတော်တွင် တတိယမြောက် ရာထူးအကြီးဆုံး ဖြစ်သည်။

စစ်တွေမြို့တွင် ယနေ့ နံနက်ပိုင်းအထိ တပ်မတော် လုံခြုံရေး ယူထားသည်ကို တွေ့ရှိရသော်လည်း နေ့လယ်ပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များကိုသာ တွေ့ရှိရကြောင်း၊ မတ်လ ၂၇ ရက်နေ့က ဈေးများ၊ ဆိုင်ခန်းများ ဖွင့်လှစ်မှု နည်းပါးခဲ့သော်လည်း မတ်လ ၂၈ ရက်နေ့တွင် ပုံမှန် အခြေအနေသို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်ကြောင်း စစ်တွေမြို့ခံများထံမှ သိရှိရသည်။

အကြမ်းဖက်မှုတွင် ပါဝင်သူများကို ဖမ်းဆီးထားခြင်း မရှိသေးဘဲ နယ်မြေ တည်ငြိမ်ရေးအတွက်ကို ဦးစားပေး လုပ်ဆောင်နေကြောင်း စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။

Malteser International အမည်ရ INGO မှ အမေရိကန် နိုင်ငံသူသည် မတ်လ ၂၆ ရက်နေ့က ၎င်းတို့ ငှားရမ်းနေထိုင်သည့် အိမ်တွင် အိမ်ပိုင်ရှင်က သာသနာ့အလံ လွှင့်ထူသည်ကို ဖြုတ်ချကာ ဘောင်းဘီအိတ်ထဲထည့်ရာ မဆံ့သဖြင့် ခါးတွင်းထိုးထားခဲ့ကြောင်း၊ ယင်းလုပ်ရပ်ကြောင့် ဒေသခံများနှင့် အချေအတင် ဖြစ်ခဲ့ရာမှ စတင်ကာ လူစုလူဝေးဖြင့် ရုန်းရင်းဆန်ခတ်မှု စတင်ခဲ့ကြောင်း မျက်မြင်များ၏ တွေ့ရှိချက်ကို ကိုးကား၍ မြို့ခံ အမျိုးသားတစ်ဦးက ပြောကြားသည်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့် ပြုထားခြင်းကို ကန့်ကွက်သည့် အနေနှင့် စစ်တွေမြို့ရှိ နေအိမ်နှင့် အဆောက်အအုံများတွင် သာသနာ့အလံများကို လွှင့်ထူထားခြင်း ဖြစ်သည်။

Malteser International လူ့အခွင့်အရေး စံနှုန်းကို အခြေခံပြီး ဘက်လိုက်ခြင်း၊ နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေး ကိစ္စများတွင် ပါဝင် ပတ်သက်ခြင်း မရှိသဖြင့် အဆိုပါ သာသနာ့အလံကို ဖယ်ရှားလိုက်ခြင်း ဖြစ်သော်လည်း ဒေသခံများက ဆန့်ကျင်သည်ဟု ယူဆကာ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ ရခိုင်ပြည်နယ်ရှိ ၎င်းတို့အဖွဲ့၏ လုပ်ငန်းများကို ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။

UN၊ NGO၊ INGO ရုံးများ ဖျက်ဆီးခံရမှုသည် ရခိုင်တိုင်းရင်းသားများ သန်းခေါင်စာရင်း သပိတ်မှောက်ရေး ရည်မှန်းချက်ကို လမ်းလွဲသွားစေရန် ရည်ရွယ်ချက်ရှိရှိ စနစ်တကျ ဖန်တီးခြင်း ဖြစ်ကြောင်း၊ သာသနာ့အလံကို မဖွယ်မရာ ပြုလုပ်သည့် အမျိုးသမီးကို ရှုတ်ချကြောင်း၊ အကြမ်းဖက်မှု ပေါ်ပေါက်အောင် လုပ်ဆောင်သည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ၏ လုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ ကျူးကျော်ဘင်္ဂါလီများ သန်းခေါင်စာရင်း နာမည်လိမ် တိုက်ဖျက်ရေးကော်မတီ (စစ်တွေ) က ကြေညာချက် တစ်စောင်ကို မတ်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်သည်။

အလံဖြုတ်ချမှုသည် မတ်လ ၂၆ ရက်နေ့ ညနေ ခြောက်နာရီခန့်တွင် ဖြစ်ပွားပြီး လူစုလူဝေးဖြင့် ရုန်းရင်းဆန်ခတ်မှုသည် ညရှစ်နာရီခန့်တွင် စတင်ခဲ့ရာ ယင်းရုန်းရင်းဆန်ခတ်မှုကို ရဲတပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ သံဃာတော်များက ထိန်းသိမ်းဟန့်တားခဲ့ ကြောင်း၊ INGO ဝန်ထမ်း နိုင်ငံခြားသား ၃၂ ဦးနှင့် မြန်မာ ၃၉ ဦးတို့ကို ရဲတပ်ဖွဲ့ ရိပ်သာတွင် ခေါ်ယူစောင့်ရှောက်ခဲ့ရကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

သာသနာ့အလံကို ဖြုတ်ချခဲ့သည့် အမျိုးသမီးနှင့် ၎င်း၏ အမျိုးသားကို ထုတ်ပေးရန် ဒေသခံများ တောင်းဆိုခဲ့ပြီး ယင်းနေ့တွင် Malteser အဆောက်အအုံ အပါအဝင် နေရာငါးခုကို ခဲများဖြင့် ပစ်ခတ်ခဲ့သဖြင့် မိုးပေါ်သို့ထောင်ကာ သေနတ်ပစ်ဖောက် ဟန့်တားခဲ့ရကြောင်း၊ မတ်လ ၂၇ ရက်နေ့တွင်လည်း INGO များ၏ ရုံး၊ ဂိုဒေါင် အဆောက်အအုံများကို ဒေသခံများက ခဲများဖြင့် ပစ်ခတ်ဖျက်ဆီးမှု ထပ်မံဖြစ်ပွား၍ လူစုခွဲခဲ့ရကြောင်း ၎င်းကဆိုသည်။

လူစုခွဲရန် သေနတ်အချက် ၁၀၀ ကျော် ပစ်ခတ်ခဲ့ရကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မတည်ငြိမ်မှုများ အရှိန်မြှင့်လာသဖြင့် မတ်လ ၂၇ ရက်နေ့ ညနေပိုင်းတွင် ညမထွက်ရအမိန့် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ကို ညနေ ခြောက်နာရီမှ နံနက် ခြောက်နာရီအထိ (ယခင် ည ၁၂ နာရီမှ နံနက်ငါးနာရီ) တိုးမြှင့်ကာ အရေးပေါ် ထုတ်ပြန်ခဲ့သည်။

ယင်းကိစ္စကို စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး စစ်ဆေး အရေးယူသွားမည် ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

စစ်တွေမြို့ ရွာကြီးတောင် ရပ်ကွက်တွင် မတ်လ ၂၇ ရက်နေ့ ညနေပိုင်းက ရဲတပ်ဖွဲ့က သေနတ်ပစ်ခတ် ဟန့်တားရာတွင် နေအိမ်ပေါ်တွင် ရှိနေသည့် အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး၏ ခါးနောက်ဘက်ကို သေနတ်ဒဏ်ရာ ထိမှန်ခဲ့ပြီး စစ်တွေ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူခဲ့သော်လည်း သေဆုံးခဲ့ကြောင်း ဒေသခံနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရှိရသည်။

The Voice Weekly