ပလောင်လူမျိုးများကို သန်းခေါင်စာရင်းတွင် ကုဒ်နံပါတ် နှစ်ခုခွဲ၍ သတ်မှတ်လိုက်ခြင်းသည် တိုင်းရင်းသားလူမျိုးအမှန်ကို မျက်ကွယ်ပြုလုက်ခြင်းဖြစ်ဟု တအာင်းအဖွဲ့အစည်းများက သတ်မှတ်

ပို့စ်တင်ချိန် - 3/07/2014 05:53:00 PM


လားရှိုး၊ မတ်လ ၇။
၂၀၁၄ခုနှစ်မတ်လအတွင်းပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ခံမည့်အရေးနှင့် ပတ်သက်၍ တအာင်း(ပလောင်) လုမျိုးများကို ပလောင်/ပလေးဟု အစိုးရက လူမျိုးစုခွဲခြားပြီး သန်းခေါင်စာရင်းကုဒ်နံပတ် သတ်မှတ်ပြဌာန်း ပေးလိုက်ခြင်း သည် တအောင်း(ပလောင်)တိုင်းရင်းသား လူမျိုးရေးအမှန်ကို မျက်ကွယ်ပြုလိုက်ခြင်းသာဖြစ်ကြောင်းနှင့် တအောင်း (ပလောင်) လူမျိုးတစ်ဦးတည်းသာ ပြင်ဆင်ပြဌာန်းပေးရန် ယမန်နေ့၂ရက်နေ့က တအာင်းအမျိုးသမီးအဖွဲ့အစည်းရုံးတွင် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲ၌ တအာင်း(ပလောင်)တိုင်းရင်းသား အရပ်ဖက်အဖွဲ့အစည်း(၉)ဖွဲ့က တရားဝင် ပြောကြားသွားကြောင်း သိရသည်။

အဆိုပါသတင်းစာရှင်းလင်းပွဲမှာဗဟိုသန်းခေါင်စာရင်း ကော်မရှင်အဖွဲ့မှ တအာင်း(ပလောင်)လူမျိုးများ၏ သဘောဆန္ဒ မပါဘဲ တအာင်း(ပလောင်)အပြင် “ပလေး”လူမျိုးဟု အမည်နာမခွဲ၍ မှားယွင်းစွာ ကုဒ်နံပတ်ထည့်သွင်း ပြဌာန်း ထားခြင်းကြောင့် အများပြည်သူများ သိစေရန်မီဒီယာများ၊ စိတ်ပါဝင်စားသူများဖိတ်ကြားထားပြီးယခုလို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရခြင်းဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံသန်းခေါင်စာရင်း ဗဟိုကော်မရှင်မှယခုလို ပလောင်/ပလေးလူမျိုး ကုဒ်သတ်မှတ်ပြဌာန်းလိုက်ခြင်းသည် ပလေးလူမျိုးကုဒ်သည် အလိုလိုရှမ်းလူမျိုးနွယ်စု လက်အောက်သို့ ရောက်သွားစေပြီး ပလောင်လူမျိုးနွယ်စုအမှန် တိမ်ကောလာနိုင်ကြောင်း၊ “ပလေး”ဆိုသည့် အမည်နာမသည် ပလောင်လူမျိုးနွယ်စု သမိုင်းတွင်မရှိခဲ့ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ တအာင်း(ပလောင်)တိုင်းရင်းသား အရပ်ဖက်အဖွဲ့အစည်းများက ယခုနှစ် ဖေဖေါ်ဝါရီ၂၆ရက်တွင် မြန်မာနိုင်ငံ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ၀န်ကြီးဦးခင်ရီအား ပလောင်/ပလေး ကုဒ်နံပတ်ခွဲခြား မသတ်မှတ်ရန် တောင်းဆိုတင်ပြဆွေးနွေးခဲ့သော်လည်း ၎င်းဝန်ကြီးက သန်းခေါင်စာရင်း ကောက်ယူပြီးမှ ပြင်ဆင်ပေးမည်ဟု ပြောနေ၍ ပလောင်တိုင်းရင်းသားအဖွဲ့မှ လက်မခံခဲ့ပေ။ တိုင်းရင်းသားလူမျိုး၏ သဘောဆန္ဒ တစ်စုံတစ်ရာ မပါဘဲ ပြုလုပ်နေခြင်းသည် လူမျိုးရေးပြဿနာများ ကြီးထွားလာနိုင်အောင် ဖန်တီးနေခြင်းပင် ဖြစ်သည်ဟု ဆိုကာ ပလောင်/ပလေး ကုဒ်နံပတ် မပြင်ဆင်ပေးပါက နိုင်ငံရေးအမြတ်ထုတ်သည့် လုပ်ရပ်သာဖြစ်ကြောင်း ယင်းသတင်းစာရှင်းလင်းပွဲအဆိုအရ သိရသည်။

အထက်ပါသတင်းစာရှင်းလင်းပွဲ၌ လားရှိုးမြို့တအောင်း(ပလောင်)အမျိုးသားပါတီဝင် ဦးအောင်မင်းက“၂၀၁၄ခုနှစ် သန်းခေါင်စာရင်းကောက်ခံဖို့ ကျွန်တော်တို့ ပလောင်တိုင်းရင်းသားလူမျိုးကို နိုင်ငံတော် အစိုးရက “ပလေး”ဆိုပြီး ကုဒ်နံပတ်သတ်မှတ်ထားပြီး ပလောင်/ပလေးကုဒ်တပ်ပြီး ခွဲခြားထားပါတယ်၊ ကျွန်တော်တို့ ပလောင်မှာပလေးဆိုတာ နဂိုလူမျိုးသမိုင်းမှာက မရှိခဲ့ပါဘူး။ ဒီလိုလုပ်ဖို့အတွက် နိုင်ငံတော် အစိုးရက ကျွန်တော်တို့ပလောင်တိုင်းရင်းသားတွေရဲ့ သဘောထားတွေကို အရင်မေးသင့်ပါတယ်၊ ခုတော့ဘာသဘောနဲ့ လုပ်တာလည်းဆိုတာ မေးခွန်းထုတ်ရာဖြစ်နေပါပြီ။ တနည်းပြောရရင် လူနည်းစုတွေကို ခွဲထုတ်ပစ်လိုက်တာနဲ့ တူနေပါတယ်။ သူတို့သတ်မှတ်ပေးတဲ့ “ပလေး”ဆိုတဲ့ ပလောင်တိုင်းရင်းသားတွေကို ရှမ်းလူမျိုးလက်အောက်မှာ လုပ်ထားတယ်။ ဒါဟာကျွန်တော်တို့ ပြည်ထောင်စုတိုင်းရင်းသားတွေကို အချင်းချင်းရန်တိုက်ပေးတာနဲ့ တူနေပါတယ်၊ ဒီကိစ္စအပေါ်ဝန်ကြီးဦးခင်ရီနဲ့ တိုက်ရိုက်ဆွေးနွေးတောင်းဆိုခဲ့သော်လည်း ကျွန်တော်တို့ရဲ့ တင်ပြတောင်းဆိုမှုကို အလေးအနက်မလုပ်ခဲ့ဘူး။ နိုင်ငံတော်အစိုးရက သန်းခေါင်စာရင်းဟာ လူဦးရေကိန်းဂဏန်းအတွက် ကောက်ခံရတာလို့ ဆိုပေမယ့် တိုင်းရင်းသားလူမျိုး အမှန်ဖြစ်ဖို့ အစိုးရကတိုင်းရင်းသားတွေရဲ့ လူမျိုးနွယ်စုအပေါ် အလေးအနက်ထားသင့်ပါတယ်၊ ဒီလိုသာမဟုတ်ရင် လူမျိုးအမည်နာမကြားညုပ်ခံရပြီး၂၀၁၅ခုနှစ် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပြဿနာတွေ ပေါ်လာနိုင်ပါတယ်၊ ခုချိန်မှာတိုင်းရင်းသားတွေဟာ သူတို့လူမျိုးနွယ်စုအမှန်ဖြစ်ဖို့ လိုလားနေကြပါတယ်။ ၂၀၁၄ခုနှစ်သန်းခေါင်စာရင်း မကောက်ခင်လူမျိုးနွယ်စု အမည်နာမခွဲခြားနေမှုတွေကို ကြိုတင်ပြင်ဆင်ဖို့ အမြန်လိုအပ်နေပါတယ်။ သန်းခေါင်စာရင်း ကောက်ပြီးမှ ပြင်ဆင်မယ်ဆိုရင် ပိုပြီးရှုတ်ထွေးစေနိုင်တာမို့ ကျွန်တော်တို့ရဲ့ ပလောင်/ပလေးပြဿနာမှာလည်း ပလောင်ဆိုတဲ့ ကုဒ်နံပတ်တစ်မျိုးတည်းသာ အစိုးရအနေနဲ့ပြဌာန်းသတ်မှတ်ပေးဖို့ တောင်းဆိုနေတာဖြစ်ပါတယ”ဟု အဆိုပါ တအာင်း(ပလောင်)အမျိုးသားပါတီဝင်က ပြောကြားသည်။
အထက်ပါ သန်းခေါင်စာရင်းပလောင်/ပလေး ကုဒ်နံပတ်အားပလောင်ဟု တစ်မျိုးတည်းပြင်ဆင်ပေးခြင်း မရှိပါကနိုင်ငံရေး၊ လူမျိုးရေး မငြိမ်မသက်ဖြစ်နိုင်သည့်အပြင် ကျေးလက်တောရွာများထိ သန်းခေါင်စာရင်း ကောက်ခံရေးမေးခွန်းပုံစံ အမှန်ရနိုင်မည် မဟုတ်ကြောင်း၊ အစိုးရစစ်တပ်နှင့် တအာင်း(ပလောင်)လက်နက်ကိုင်တပ်များမှာ ယနေ့ထိတိုက်ပွဲများ ဆက်ရှိနေသေး၍ေ ဒသတွင်းလက်နက်ကိုင် တိုက်ပွဲများရပ်စေပြီး ငြိမ်းချမ်းရေးကို အမြန်ဆုံးအကောင်အထည်ဖေါ်နိုင်ရန် လက်ရှိအစိုးရတွင်တာဝန်ရှိနေသည်ဟုလည်း တိုင်းရင်းသားများ အဖွဲ့ကဆက်လက် သုံးသပ်ထားသည်။

ထို့ကြောင့်အထက်ပါတင်းစာရှင်းလင်းပွဲတွင် တက်ရောက်လာသောတအာင်း(ပလောင်) အမျိုးသားပါတီ၊ ပလောင်တိုင်းရင်းသားပါတီ၊ မြန်မာနိုင်ငံတအာင်း(ပလောင်) စာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီ၊ တအာင်း အမျိုးသမီးအဖွဲ့အစည်း ၊တအောင်းကျောင်းသားနှင့် လူငယ်များအဖွဲ့၊ တအာင်း(ပလောင်) ရဟန်းသံဃာတော်များအဖွဲ့နှင့် အခြားတအာင်းအဖွဲ့အစည်းများ အပါအ၀င်အဖွဲ့ပေါင်း၉ဖွဲ့မှ ဦးဆောင်ပြုလုပ်ပြီး ပလောင်/ပလေးပြင်ဆင်ရေးနှင့် ပတ်သက်၍ ပူးတွဲသဘောထားထုတ်ပြန်ကြေငြာချက်များကို သက်ဆိုင်ရာအစိုးရဌာနနှင့် သန်းခေါင်စာရင်းကော်မရှင်ရုံးသို့ တင်ပြတောင်းဆိုအသိပေးသွားမည်ဟုလည်း သိရသည်။

ထွန်းထွန်း၊စိုမင်းနိုင်
The Myanma Age