ဧပြီ ၁ ရက်မှစ၍ အစိုးရ၀န်ထမ်းများအား လစာ ကျပ်နှစ်သောင်းစီ တိုးမြှင့်မည်ဟု ဘဏ္ဍာရေးဝန်ကြီး ပြောကြား

ပို့စ်တင်ချိန် - 3/22/2014 10:33:00 AM



အစိုးရ၀န်ထမ်းများ၏ လစာအား ဧပြီ ၁ ရက်မှစ၍ ကျပ် နှစ်သောင်းစီ တိုးမြှင့်ရန် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် နိုင်ငံတော်၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းတွင် ထည့်သွင်းရေးဆွဲထားကြောင်း ဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မတ် ၂၁ ရက် က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

ထို့ပြင် ပင်စင်လစာနှင့် ဆုကြေးများကိုလည်း အချိုးကျတိုးမြှင့်ပေးရန် ထည့်သွင်းလျာထားကြောင်းလည်း ဘဏ္ဍာရေးဝန်ကြီးက ပြောကြားသည်။

"နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော် ဂျီဒီပီ တိုးတက်မှုအခြေအနေ၊ စီးပွားရေး တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အလားအလာ၊ ငွေကြေးဖောင်းပွမှုအခြေအနေ၊ နိုင်ငံတော်၏ ရငွေသုံးငွေ ရရှိမှုအနေအထား၊ ဖြစ်ပေါ်လာနိုင်သည့် အကျိုးသက်ရောက်မှုများကို ချင့်ချိန်၍ နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်နေကြသော နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားများကို ခေတ်ကာလ အခြေအနေနှင့် လျော်ညီစွာ တိုးမြှင့်ပေးရန် ရည်ရွယ်ထားသည့်အတိုင်း ယခု ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေး နှစ်တွင်လည်း ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှစ၍ နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားများကို ကျပ်နှစ်သောင်းစီ တိုးမြှင့်ပေးရန်နှင့် ပင်စင်လစာနှင့် ဆုကြေးများကိုလည်း အချိုးကျတိုးမြှင့်ပေးရန် ထည့်သွင်း လျာထားပါတယ်" ဟု ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။

၂၀၁၄ ခုနှစ် ဧပြီလမှစ၍ လစာတိုးမြှင့် ပေးမှု၊ ၂၀၁၄ ခုနှစ် ဧပြီလမှစ၍ လျှပ်စစ်ဓာတ်အား သုံးစွဲခများ တိုးမြှင့်ကောက်ခံမှုတို့ကြောင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြင့်တက်မှု မရှိစေရန် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများက ကြပ်မတ်စွာ ဆောင်ရွက်သင့်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက သုံးသပ်ပြောကြားသည်။

"အခုလို လစာတိုးတာ ၀န်ထမ်းတွေအတွက် ၀င်ငွေပိုရမှာ ဖြစ်တဲ့အတွက် ကြိုဆိုရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အရင့်အရင်တုန်းကလည်း ဒီလိုပဲ လစာတိုးပေးလိုက်တယ်။ ဒါပေမဲ့ သူတို့ရဲ့အခြေအနေတွေက ဒုံရင်းဒုံရင်းပဲ။ ကုန်ဈေးနှုန်းက လိုက်တက်လာလို့။ ဒါကြောင့် အစိုးရဟာ လစာတိုးပေးရုံနဲ့ မဟုတ်ဘဲ ကုန်ဈေးနှုန်းက လိုက်တက်မလာအောင် ထိန်းချုပ်ပေးရမယ်" ဟု လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ယခုအကြိမ်သည် ဒုတိယမြောက် လစာတိုးမြှင့်ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်က လစာငွေ နှစ်သောင်း တိုးမြှင့်ခဲ့ပြီးနောက် ယခုတစ်ကြိမ် နှစ်သောင်း ထပ်မံတိုးမြှင့်ပေးခဲ့ခြင်း ဖြစ်သည်။ လစာငွေတိုးမြှင့်ခြင်းအပြင် ၂၀၁၂ ခုနှစ်၌ ၀န်ထမ်းများ၊ တပ်မတော်ဝန်ထမ်းများအား စားဝတ်နေရေး သက်သာချောင်လည်မှု ရှိစေရန် အတွက်ဟုဆိုကာ လက်ရှိလစာအပြင် အပိုထောက်ပံ့ကြေး တစ်ဦးလျှင် တစ်လကျပ်သုံးသောင်း ခံစားခွင့်လည်း ပြုခဲ့သည်။

Eleven Media Group