အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် ခြောက်ဖွဲ့ တိုက်ပွဲလျှော့ချရေး ထပ်မံ သဘောတူ

ပို့စ်တင်ချိန် - 3/14/2014 01:35:00 PM



ရန်ကုန်၊ မတ် ၁၃

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေမှုများ ရှိနေသောကြောင့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် ခြောက်ဖွဲ့တို့ အကြား နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေမှု လျှော့ချရေး သဘောတူညီ ခဲ့ကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center) မှ ပဋိပက္ခ ဖြေရှင်းရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးက ပြောကြားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် မတ်လ ၁၃ ရက်နေ့ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဖြစ်သော ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP/SSA ၊ “ဝ” ပြည် သွေးစည်း ညီညွတ်ရေးပါတီ UWSA၊ မိုင်းလား လက်နက်ကိုင် တပ်ဖွဲ့၊ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP တွေ့ဆုံပြီးနောက် အထက်ပါအတိုင်း သဘောတူညီခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

မတ်လဆန်းပိုင်းတွင် ရှမ်းပြည်နယ် အတွင်းရှိ မြို့နယ်အချို့တွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ထိတွေ့မှုများ ဖြစ်ပွားခဲ့ခြင်းမှာ နယ်မြေ ရှင်းလင်းခြင်း မဟုတ်ဘဲ တပ်အပြောင်းအရွှေ့ လမ်းကြောင်းများ ကြိုတင် ချိတ်ဆက်မှု မရှိခြင်းကြောင့် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ဘယ်သူ့ဘက်ကမှ မှားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ သတင်းအချက်အလက် ဆက်သွယ်တဲ့ နေရာမှာ နှောင့်နှေးတာတွေ ရှိတယ်။ အဲဒါကြောင့် တပ်တွေ ထိတွေ့မှု ဖြစ်ရတာပါ” ဟု ၎င်းကဆိုသည်။

ယင်းသို့ နှစ်ဖက် တွေ့ဆုံမှုကို မတ်လ ၁၄ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်ပြီး သတင်းအချက်အလက် ဆက်သွယ်ရေးကို ပိုမိုမြန်ဆန်စေမည့် နည်းလမ်းများကို ပူးပေါင်း ညှိနှိုင်းသွားမည် ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေး စင်တာထံမှ သိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ မြို့နယ်အချို့တွင် မတ်လ ဒုတိယပတ်အတွင်း အစိုးရ တပ်များသည် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA နှင့် လေးကြိမ်၊ ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP/SSA နှင့် နှစ်ကြိမ် ထိတွေ့မှု ဖြစ်ပွားထားသော်လည်း နှစ်ဖက် ကျဆုံးမှု မရှိကြောင်း RCSS/SSA သတင်းနှင့် ပြန်ကြားရေး ဌာနထံမှ သိရသည်။


The Voice Weekly