စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် အောင်ဇေယျမြို့သစ် တည်ဆောက်မည့်နေရာ၌ လုပ်ငန်းဆောင်ရွက်နေစဉ် လာရောက်နှောင့်ယှက် ဟန့်တားသဖြင့် လူအချို့အား ခေတ္တခေါ်ယူ ထိန်းသိမ်းခဲ့ပြီး ပြန်လွှတ်ပေးခဲ့

ပို့စ်တင်ချိန် - 3/09/2014 12:23:00 PM


နေပြည်တော် မတ် ၈

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာ ပင်မြို့နယ် အောင်ဇေယျမြို့သစ် တည်ဆောက်မည့် ဧရိယာအတွင်း မတ် ၇ ရက် နံနက်ပိုင်းက လုပ်ငန်းများ ဆောင်ရွက်နေစဉ် လူတစ်စုကလာရောက် နှောင့်ယှက်ဟန့်တားသဖြင့် ညှိနှိုင်းဆောင်ရွက်ခဲ့သော်လည်း အဆိုပါလူစုက ခဲများဖြင့်ပစ်ပေါက်သဖြင့် ခေတ္တတားဆီး ခေါ်ယူ ထိန်းသိမ်းခဲ့ရပြီး ပညာပေးပြောဆိုဆုံးမ၍ ပြန်လွှတ်ပေးလိုက်သည့် ဖြစ်စဉ်တစ်ရပ် ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါမြေနေရာမှ သဘောတူ မြေယာစွန့်ခဲ့သူအများစုအား မြေကွက်များ အစားထိုးချထားပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

ဖြစ်ပွားပုံမှာ မတ် ၇ ရက်နံနက်ပိုင်းက ယင်းမာပင်မြို့နယ်အုံတုံပင်ကျေးရွာ ပုသိမ်-မုံရွာကားလမ်း အနောက်ဘက် ဧရိယာအတွင်း မြေညှိစက်နှစ်စီးဖြင့် လုပ်ငန်းဆောင်ရွက်နေစဉ် နံနက် ၈ နာရီ မိနစ် ၂၀ခန့်၌ အုံတုံပင်ကျေးရွာမှ ရွာသူရွာသား ၃၀ ခန့်ရောက်ရှိပြီး လာရောက်ကန့်ကွက် ဟန့်တားနှောင့်ယှက်ခဲ့ကြောင်း၊ သို့ဖြစ်၍ အဆိုပါနေရာတစ်ဝိုက်တွင် ရဲတပ်ရင်းစုကွပ်ကဲရေးမှူး၊ ယင်းမာပင်ခရိုင်ရဲတပ်ဖွဲ့မှူး၊ ရဲတပ်ရင်းမှူးနှင့် အဖွဲ့၊ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းရဲအကူတပ်ဖွဲ့ခွဲမှ တပ်ခွဲမှူးနှင့်အဖွဲ့တို့က လုံခြုံရေး ဆောင်ရွက်ထားပြီး ယင်းမာပင်ခရိုင် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ထိုသို့ ဟန့်တားနှောင့်ယှက်ခြင်းမပြု ရန် ညှိနှိုင်း ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

သို့ရာတွင် အဆိုပါဟန့်တားသူများက နံနက် ၈ နာရီခွဲခန့်တွင် လုံခြုံ ရေးတာဝန် ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များအား ခဲများဖြင့် ပစ်ပေါက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာ တစ်ချက်စီ ရရှိခဲ့ကြောင်း၊ ထို့နောက်နံနက် ၈ နာရီ မိနစ် ၅၀ ခန့်တွင်ဟန့်တား နှောင့်ယှက်သူများက ရဲတပ် ဖွဲ့ဝင်များအား အကြမ်းဖက်လာသဖြင့် ဦးဆောင်သူ ကျော်မင်း အသက်(၄၀) အပါအဝင် အမျိုးသားနှစ်ဦး၊ အမျိုးသမီး တစ်ဦး ပေါင်းသုံးဦးနှင့် သံဃာတစ်ပါးတို့အား ခေတ္တတားဆီး ထိန်းသိမ်းခဲ့ရကြောင်း၊ နံနက် ၁၀ နာရီခွဲခန့်တွင် ခေတ္တထိန်းသိမ်းထားသည့် အမျိုးသမီးအား လည်းကောင်း၊ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ကျော်မင်းနှင့် အဖွဲ့အားလည်းကောင်း ဥပဒေ အကြောင်းအရာများ ရှင်းလင်းပြော ကြားပြီး ပြန်လွှတ် ပေးခဲ့ကြောင်း သိရှိ ရသည်။

ယခုလုပ်ငန်းများ ဆောင်ရွက်နေသည့် မြေဧက ၁၄၂ ဒသမ ၇၈ ဧကတွင် ယင်းမာပင်မြို့နယ် အောင်ဇေယျ မြို့သစ်ကွင်း အမှတ် ၅/၆ တိုးချဲ့ မြေဧက ၁၂၃ ဒသမ ၆၀ ဧက အပါ အဝင် လယ်ယာမြေအား အခြားနည်းဖြင့် အသုံးပြုခွင့်ပြုကြောင်း၊ ခွင့်ပြုမိန့်ရရှိထားသော မြေဖြစ်ကြောင်းသိရသည်။
မြေဧက ၁၄၂ ဒသမ ၇၈ ဧက တွင် အိမ်ဝင်းမြေကွက် ၂၉၅ ကွက် အတွက် အသုံးပြုပြီးနောက် ကျန်မြေအား ရဲတပ်ရင်းမြေအဖြစ် လျာထားဆောင်ရွက်ခဲ့ကြောင်း၊ ယင်း မြေဧရိယာနှင့်ပတ်သက်၍ စုန်ကျင်း ကျေးရွာအုပ်စု အုံတုံပင်ကျေးရွာနေ ဦးဝင်းပါ ၁၆ ဦးက လယ်ယာမြေ သိမ်းဆည်းခံရမှုနှင့် ပတ်သက်၍ ကူညီဖြေရှင်းပေးရန် အထက်ဌာနများ သို့တင်ပြခဲ့သည့်အတွက် ယင်းမာပင် မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးနှင့်အဖွဲ့ အား စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်း၍ စစ်ဆေးဆောင်ရွက်စေခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် တွင် ဦးဝင်းပါ ၁၄ ဦးက ကန့်ကွက် သဖြင့် ယင်းမာပင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးဆောင်သော မြေယာစီမံ ခန့်ခွဲရေးအဖွဲ့က ညှိနှိုင်းအစည်း အဝေးပြုလုပ်ပြီး မြေကွက်အစားထိုး ပေးအပ်သောနည်း၊ မြေလျော်ကြေး ငွေပေးအပ်သော နည်းများဖြင့် အဆင့်ဆင့် ဖြေရှင်းဆောင်ရွက်ရန် စီမံဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ယင်းမြေယာကိစ္စနှင့်ပတ်သက်၍ မတ် ၂ ရက်က စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ ရဲတပ်ရင်းစု ကွပ်ကဲရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် တာဝန် ရှိသူများ၏ ကူညီ ကြီးကြပ်ကွပ်ကဲမှုနှင့် ယင်းမာပင်မြို့နယ် အောင်မိုးကျေးရွာနေ မြေနေရာချထားရေးကော်မတီ ဥက္ကဋ္ဌ ဦးဉာဏ်လင်း၊ ဒုတိယဥက္ကဋ္ဌဦးပေသီး၊ အတွင်းရေးမှူး ဦးမောင်သော်၊ ဘိန်းနွယ်ချောင်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်၊ စုန်ကျင်းမြောက်ရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်း၊ မြတ်ပေစည်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းပါအဖွဲ့က အိမ်ဝင်းမြေအဖြစ် လျာထားမြေကွက်ဖော်ထား သည့်မြေကွက် ၂၉၅ ကွက်မှ ၁၁ ကွက်အား ကျောင်း၊ ဈေး၊ ဆေးရုံ၊ ရုံးစသော အုပ်ချုပ်ရေးဆိုင်ရာကိစ္စများ အတွက်ချန်လှပ်ပြီး ကျန်မြေကွက် ၂၈၄ ကွက်အား သဘောတူမြေယာ စွန့်လွှတ်ခဲ့သည့် တောင်သူ ၅၂ ဦး အား မဲနှိုက်စေခဲ့ရာ မြေပိုင်ဆိုင်သူ တောင်သူ ၅၂ ဦးအနက် ၄၃ ဦး တက်ရောက်ခဲ့ပြီး မြေကွက်များအား မဲနှိုက်ခဲ့ကြောင်း၊ အဆိုပါမြို့သစ် မြေကွက်များမှာ အမည်ပေါက် မြေ ဂရန်ပါ တစ်ပါတည်းရရှိသောနေရာ ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ သတင်းရရှိသည်။

MOI Webportal Myanmar