နတ်နန်းကျေးရွာအုပ်စုအတွင်းရှိ ရွှေမျောပေါင်း တစ်ရာကျော်ရပ်နားထားရ

ပို့စ်တင်ချိန် - 3/28/2014 06:27:00 PM


ဟုမ္မလင်းမြို့နယ်၊ နတ်နန်းကျေးရွာအုပ်စု အတွင်းရှိ ဒေသခံများသည် ရွှေမျောလုပ်ငန်းများ လုပ်ကိုင်ခြင်းဖြင့် အသက်မွေးဝမ်းကြောင်း  ပြုနေရသော ဒေသဖြစ်သော်လည်း ခန္တီးခရိုင်အုပ်ချုပ်ရေးမှူးဦးထွန်းနိုင်သည် ယင်းလုပ်ငန်းများမှာ တရားမဝင်လုပ်ငန်းများဖြစ်သည်ဟုဆိုက ၉.၃.၂၀၁၄ရက်တွင် နောက်ဆုံးထား ရပ်နားခိုင်းခဲ့သည်။

နတ်နန်းဘုန်းတော်ကြီးကျောင်းမှာ ကျောင်းထိုင်ဆရာတော် အရှင်ခေမာစာရက “နတ်နန်းအုပ်စု အတွင်းမှာရှိတဲ့ ဒေသခံပြည်သူအများ စားဝတ်နေရေးရှာဖွေမှုအပေါ်ကို တရားမဝင် ရွှေမျော လုပ်ကိုင်တယ်ဆိုပြီးတော့ ခရိုင်အုပ်ချုပ်ရေးမှူးဦးထွန်းနိုင်က တားမြစ်ဖမ်းဆီးခဲ့တယ် ဒါဟာ ဒေသခံပြည်သူ တွေကို စာနာမှုကင်းမဲ့စွာ အနိုင်ကျင့်နေခြင်းဖြစ်တယ် ဒေသခံပြည်သူများ ငတ်မွတ်ခေါင်းပါးတဲ့ဘေးကိုဆိုက် တော့မယ် ခန္တီးခရိုင်အုပ်ချုပ်ရေးမှူးဦးထွန်းနိုင်ဟာ ဦးဇင်းတို့ နတ်နန်းရဲကင်းမှူး စိုးလင်းနဲ့ ပုဂ္ဂိုလ်ရေးရင်းနှီး သလို ဆရာတပည့်ဖြစ်တယ်လို့လည်း ပြောတယ် ဦးဇင်းတို့က ဒုရဲအုပ်စိုးလင်း လာဘ်စားတာကိုတိုင်းထားတယ် လေ ဒါကြောင့်သူက အခုလိုလုပ်တာပဲ ဒုရဲအုပ်စိုးလင်း နတ်နန်းကထွက်သွားတုန်းက ပြောခဲ့တဲ့စကားရှိတယ် ငါပြောင်းသွားရင် တစ်အုပ်စုလုံးထမင်းငတ်စေရမယ်လို့ပြောခဲ့တယ် အခုခန္တီးခရိုင်အုပ်ချုပ်ရေးမှူးက ရွှေမျော အားလုံးရပ်ခိုင်းတယ် ဒါဆိုသူတို့နှစ်ယောက်ပူးပေါင်းလုပ်တာပဲဖြစ်မယ်”ဟုပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျေးရွာများအားလုံးသည်ရွှေမျောလုပ်ကိုင်လျှက် ရှိသော်လည်း ယခုအခါတွင် နတ်နန်းအုပ်စု အတွင်း၌သာ ရွှေမျောများ ရပ်နားခိုင်းခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စများ မပေါ်ပေါက်မီအချိန်က လက်လုပ်လက်စား ရွှေထုတ်လုပ်သူများထံမှ ကျန်းမာရေးဌာနသုံး လူနာတင်ယာဉ် ဝယ်ယူမယ်ဟုပြောကာ တစ်မျောလျှင် ငွေကျပ် ၅သောင်း မှ ၁သိန်းအထိ လစဉ်ကျေးအဖြင့် ၃လတိတိကို နတ်နန်းရဲကင်းတွင် တာဝန်ထမ်းဆောင်စဉ်က ဒုရဲအုပ်စိုးလင်းက ကောက်ခံခဲ့ပြီး ယခုလူနာတင်ယာဉ် ဝယ်ယူစဉ်တွင် ယင်းကောက်ခံငွေများကို အသုံးမပြုဘဲ ဒေသခံများ၏ ငွေကြေးဖြင့်သာ ဝယ်ယူခဲ့ရသည်။

ယင်းနောက် တိုင်းရဲမင်းကြီးအား သိန်း(၈၀)နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးအား လစဉ် သိန်း(၂၀)ပေးရသည်ဟု ပြောပြီး ထပ်မံကောက်ခံခဲ့သည်။ ၎င်းအသုံးပြုရန်အတွက် စက်သုံးဆီများကိုလည်း စက်သုံးဆီ အရောင်းဆိုင်များ၊ စက်မျှောများ၊ သစ်ကုမ္မဏီများတွင် အကြိမ်ကြိမ် တောင်းယူ၍ အသုံးပြုသည့်အပြင် ရောင်းစားခဲ့ကြောင်း ရွှေမျောလုပ်ကိုင်ကျသော ဒေသခံများကပြောသည်။

ချစ်မင်းထွန်း
The Myanma Age