မူးယစ်ဆေးဝါးကို လုံခြုံစိတ်ချစွာသုံးစွဲနိုင်ပါသည်

ပို့စ်တင်ချိန် - 3/12/2014 07:25:00 PM


ဓာတ်ပုံ- အောင်ခိုင်
ဓားကိုင်အစောင့်များစောင့်ကြပ်၍ မူးယစ်ဆေးဝါးရောင်းချနေသော နေရာတစ်နေရာကို သင်မြင်တွေ့ဖူးပါသလား။

မူးယစ်ဆေးဝါးဝယ်ယူသူ များပြားလှ၍ တန်းစီစောင့်ဆိုင်းနေရသော နေရာတစ်နေရာကို သင်ရောက်ဖူးပါသလား။

ကမ္ဘာကျော်ကျောက်စိမ်းမြို့တော် ဖားကန့်မြို့သို့ သင်ရောက်ရှိခဲ့လျှင် ယင်းကဲ့သို့ မြင်ကွင်းမျိုးစုံကို မြင်တွေ့နိုင်ပါသည်။

ဖားကန့်မြို့ မော်ဝမ်းရပ်ကွက်မှ ယခင်ကေအိုင်အေထိန်းချုပ်နယ်မြေတစ်ခုဖြစ်သည့် မောဖောင်းဘွမ်ဒေသသို့ သွားရောက်သော လမ်းတစ်နေရာတွင် လမ်းခွဲတစ်ခု မြင်တွေ့ရမည်ဖြစ်သည်။

ယင်းလမ်းခွဲမှညာဘက်လမ်းအတိုင်း သွားရောက်လျှင် ကမ္ဘာကျော်ကျောက်စိမ်းတုံးများထွက်ရှိရာ မှော်စီစာသို့ ရောက်ရှိမည်ဖြစ်သည်။

သို့မဟုတ်ဘဲ လမ်းခွဲဘယ်ဘက်ရှိ မထင်မရှားတောလမ်းလေးမှတစ်ဆင့် သစ်ပင်များ အုပ်ဆိုင်းနေသည့် တောင်ကုန်းလေးပေါ် တက်လှမ်းသွားပါက ဓားကိုင်ထားသော အမျိုးသားနှစ်ဦးစောင့်ကြပ်နေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။

ယင်းနေရာမျိုးသည် ဓာတ်ပုံရိုက်ရန်မဆိုထားနှင့် လာနေကျမဟုတ်သည့် သူစိမ်းများတွက်တော့ အန္တရာယ်ပင်ကြုံတွေ့နိုင်သော နေရာတစ်ခုလည်းဖြစ်သည်။

ခပ်မြင့်မြင့်တစ်နေရာမှနေ၍ တောင်ကုန်းပေါ်တက်ရောက်လာသူများကို သတိထားကြည့်ရှုနေသော အမျိုးသားနှစ်ဦး၏ရှေ့ မလှမ်းမကမ်းတွင် ဆိုင်ကယ်များ တန်းစီရပ်ထားသည်ကိုတွေ့ပြီး အမျိုးသမီးတစ်ဦးက ဆိုင်ကယ်ရပ်နားခကောက်ယူနေသည်။

ယင်းတောင်ကုန်းပေါ်မှ တစ်ဖက်ချိုင့်ဝှမ်းထဲသို့ဆင်းသွားသည့် တောလမ်းလေးတစ်လျှောက်တွင် ဆေးထိုးအပ်ခွံများက ပြန့်ကျဲလျက်ရှိသည်။ ချိုင့်ဝှမ်းထဲတွင်တော့ ဈေးဆိုင်လေးများ၊ ရှေ့မျက်နှာစာတွင် ခြောက်လက်မပတ်လည် အပေါက်လေးတစ်ပေါက်သာ ဖောက်ထားသည့် တဲအိမ်လေးများ၊ ယင်းတဲအိမ်များရှေ့တွင် တန်းစီစောင့်ဆိုင်းနေသူများအပြင် စီးကရက်ကိုယ်စီခဲ၍ ဘယ်ဘက်လက်ဖျံတွင် အပ်စိုက်ထားသူများနှင့် မျက်လုံးကိုမှေးစင်း၍ ထိုင်လျက်မိန်းမောနေကြသူများကို မြင်တွေ့နိုင်ပါသည်။

ယင်းမြင်ကွင်းမှာ ကျောက်စိမ်းမြို့တော်ဖားကန့်ရှိ ဘိန်းဖြူရောင်းချသောနေရာတစ်နေရာကို တွေ့မြင်ရသည့် မြင်ကွင်းတစ်ခုပင်ဖြစ်ပါသည်။

အနယ်နယ်အရပ်ရပ်မှ လာရောက်လုပ်ကိုင်စားသောက်ကြသော ရေမဆေးကျောက်တူးသမား တစ်သိန်းကျော်ရှိမည်ဟု ခန့်မှန်းထားသော ဖားကန့်မြို့နယ်တွင် မူးယစ်ဆေးဝါးကို အလွယ်တကူရရှိနိုင်သည်။ ဖမ်းဆီးအရေးယူမှုများတွင် အားနည်းမှုများရှိနေကြောင်း ဒေသခံများကပြောပါသည်။

‘‘ဘိန်းဖြူက ဒီမှာ ငါးရာဖိုးကအစ ၀ယ်လို့ရတယ်။ ဖမ်းရင်လည်း သုံးတဲ့လူလောက်ပဲမိတာ တကယ်ရောင်းတဲ့အကြီးတွေကို မမိပါဘူး’’ဟု ဖားကန့်မြို့မှ ဘာသာရေးဆရာတစ်ဦးကပြောကြားသည်။

ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့၏ စာရင်းဇယားများအရမူ မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုမှာ နှစ်ဆမြင့်တက်လျက်ရှိသည်။ ၂၀၁၂ ခုနှစ်အတွင်း မူးယစ်ဆေးဝါးမှုပေါင်း ၁၁၀ မှုကို ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် မူးယစ်ဆေးဝါးမှု ၂၁၁ မှုကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့မှ သိရှိရသည်။

ကချင်ပြည်နယ်တွင် ဘိန်းဖြူကို ဈေးပေါပေါဖြင့် အလွယ်တကူ ကျယ်ပြန့်စွာရရှိနိုင်ပြီး ဖားကန့်ဒေသမှ အလုပ်သမားအချို့မှာလည်း ဘိန်းဖြူသုံးစွဲ၍ အလုပ်လုပ်နေကြသည့် ပုံပေါ်ကြောင်း ကမ္ဘာကျော်ရိုက်တာသတင်းဌာန၏ အထူးဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြထားသည်။

ယင်းဆောင်းပါးတွင် ဖားကန့်ဒေသမှ အလုပ်သမားထက်ဝက်ခန့်မှာ ဘိန်းဖြူကို သုံးစွဲကြောင်းနှင့် တရားဝင်အချက်အလက် ကိန်းဂဏန်းများရရှိရန်မှာမူ အလွန်ခက်ခဲကြောင်းလည်း ရေးသားထားသည်။

ဖားကန့်ဒေသရှိ ဘိန်းဖြူကို ဆေးထိုးအပ်ဖြင့် ထိုးသွင်းသုံးစွဲသူများ၏ လေးဆယ်ရာခိုင်နှုန်းမှာ HIV Positive ဖြစ်ပွားနေပြီး ယင်းပမာဏမှာ တစ်နိုင်ငံလုံးရှိ ဘိန်းဖြူကို ဆေးထိုးအပ်ဖြင့် သုံးစွဲမှုကြောင့် HIV Positive ဖြစ်ပွားနှုန်းထက် နှစ်ဆရှိကြောင်း ကျန်းမာရေးလုပ်သားများကို ကိုးကား၍ ရိုက်တာဆောင်းပါးတွင် ဖော်ပြထားပါသည်။

အစိုးရတပ်နှင့် ကေအိုင်အေတို့ကြား တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့မှုကြောင့် ၂၀၁၂ ခုနှစ် နှစ်လယ်ပိုင်းမှစတင်၍ ကျောက်စိမ်းလုပ်ကွက်များကို ပိတ်ထားခဲ့သော ဖားကန့်ဒေသတွင် မူးယစ်ဆေးဝါးကို အလွယ်တကူရရှိနိုင်ခြင်းမှာ တရားဥပဒေစိုးမိုးမှုတည်ငြိမ်မှုမရှိခြင်းကြောင်းဖြစ်ကြောင်း ဒေသတွင်းအဖွဲ့အစည်းများက ထောက်ပြပြောဆိုကြသည်။

အလွယ်တကူရရှိနိုင်ပြီး ဒေသခံများက ‘‘လေးဖြူ’’ဟု တင်စားခေါ်ဝေါ်ကြသည့် ဘိန်းဖြူကို ဖားကန့်မြို့နယ်ရှိ လူငယ်၊ လူလတ်များကြား နည်းလမ်းအမျိုးမျိုးဖြင့် သုံးစွဲနေကြသည်။

ဝါသိပ်မရင့်သေးသူများက ဘိန်းဖြူမှုန့်ကို စီးကရက်ဘူးခွံတွင် ပါရှိသည့် ရွှေရောင်စက္ကူစဖြင့် ပြုလုပ်ထားသော ခွက်ထဲတွင်ထည့်၍ ဂက်စ်မီးခြစ်မီးတောက်ကို သိပ်မပြင်းစေရန် ချိန်ညှိမီးရှို့ကာ ပိုက်ဆံ(သို့မဟုတ်) စက္ကူဖြင့်လိပ်ထားသောပိုက်ဖြင့် ရှူလေ့ရှိကြသည်။

‘‘နဂါးငွေ့ရှူတယ်လို့ခေါ်တယ်’’ဟု ဒေသခံတစ်ဦးကဆိုသည်။

နဂါးငွေ့ရှူခြင်းထက် အဆင့်မြင့်သောသူများကတော့ ဘိန်းဖြူမှုန့်ကို ခွက်ထဲတွင် မိုးရေဖြင့်ဖျော်ကာ ဆေးထိုးအပ်ဖြင့် သွေးပြန်ကြောတွင်းသို့ ထိုးသွင်းကြသည်ကို တွေ့ရသည်။

‘‘မူးယစ်ဆေးစွဲတာက အရမ်းထိလွယ်ရှလွယ်ပြဿနာဖြစ်တော့ ဆေးဖြတ်ဖို့ရော၊ နောက်ရောင်းတာ၊ ၀ယ်တာတားဆီးဖို့ရောက အားလူံးပူးပေါင်းဆောင်ရွက်မှရတာပါ။ ပြည်သူတွေကလည်း ပါဝင်သင့်တယ်’’ဟု ကချင်ပြည်နယ်တွင် ဆယ်စုနှစ်တစ်ခုနီးပါး မူးယစ်ဆေးဝါးနှင့် HIV ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သူတစ်ဦးက သုံးသပ်ပြောဆိုပါသည်။

မူးယစ်ဆေးဝါးကို အလွယ်တကူဝယ်ယူရရှိနိုင်သောကြောင့် လူပြတ်သည့်နေရာများတွင် ဘိန်းဖြူထိုးနေကြသူများ၊ မူးယစ်ဆေးရောင်းသောနေရာများတွင် တန်းစီစောင့်ဆိုင်းဝယ်ယူနေသော မြင်ကွင်းများမှာ ဖားကန့်ဒေသခံများအတွက်တော့ ရိုးနေပြီဖြစ်သည်။

သက်ဆိုင်ရာက ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေသော်လည်း ဖားကန့်မြို့နယ်တွင် မူးယစ်ဆေးဝါးဝယ်ယူရရှိနိုင်မှု (အထူးသဖြင့် ဘိန်းဖြူ)မှာ အခြားအရပ်ဒေသများနှင့် နှိုင်းယှဉ်ပါက လွယ်ကူလွန်းလှပါသည်။

‘‘လူငယ်ဆယ်ယောက်မှာ ခုနစ်ယောက်က ဆေးစွဲနေတယ်။ ကြာရင် ရင်လေးစရာပါ။ ဘာကြောင့် ဒီမှာပိုပြီးတော့ အဲဒီလိုဖြစ်နေတာလဲ စဉ်းစားသင့်နေပြီ’’ဟု ဘာသာရေးဆရာတစ်ဦးကဆိုသည်။

ရေးသားသူ- အောင်ခိုင်၊ မရန်
7Day News Journal