မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်း အနေဖြင့် Deedo အချိုရည်တွင် စားသုံးရန်မသင့် မှိုတွေ့ရှိ စစ်ဆေးချက်ကို FDA သို့ အကြောင်းကြားခဲ့ခြင်းမရှိ

ပို့စ်တင်ချိန် - 3/22/2014 10:33:00 AM

(ဈေးကွက်အတွင်း ရောင်းချနေသည့် Deedo အချိုရည်များကို တွေ့ရစဉ်)


မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးအသင်း အနေဖြင့် Deedo အချိုရည်တွင် စားသုံးရန်မသင့်သည့်မှိုများ တွေ့ရှိထားသည်ဆိုသည့် စစ်ဆေးချက်ကို FDA သို့ အကြောင်းကြားခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။

ဈေးကွက်အတွင်းမှ Deedo အချိုရည်များကို FDA မှ နမူနာကောက်ယူ စစ်ဆေးခဲ့ပြီး စစ်ဆေးချက် ရလဒ်များအရ စားသုံးရန် မသင့်သည့်မှိုများ မပါဝင်ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က ပြန်လည်ပြောကြားသည်။

FDA အနေဖြင့် စားသုံးရန်မသင့်သည့် မှိုများပါဝင်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည့် Deedo အချိုရည်များကို ဈေးကွက်အတွင်း နေရာအနှံ့မှ နမူနာများ ကောက်ယူခဲ့ပြီး လိုအပ်သည့် စစ်ဆေးမှုများကို မတ်လပထမပတ် အတွင်းက ပြန်လည်ပြုလုပ်ခဲ့ရာ စားသုံးရန်မသင့်သည့်မှိုများ မပါဝင်ကြောင်း၊ သတ်မှတ်စံချိန် စံညွှန်းများနှင့် ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိ ခဲ့ရသည်ဟု သိရသည်။

"Deedo အချိုရည်မှာ မှိုတွေပါတယ်ဆိုတဲ့ သတင်းတွေထွက်လို့ ထိုင်းကလူတွေနဲ့ တွေ့ခဲ့တယ်။ သူတို့ပစ္စည်းနဲ့ ပတ်သက်တဲ့ လိုအပ်တဲ့ အချက်အလက်တွေအားလုံး ပြန်မေးခဲ့တယ်။ နောက်ဈေးကွက်ထဲက ပစ္စည်းတွေကို ပြန်စစ်ဆေးမှုတွေ လုပ်ခဲ့တယ်။ စစ်ဆေးချက်တွေအရ ဘာမှိုမှ မပါသလို သတ်မှတ်ထားတဲ့ အချက်အလက် အားလုံးနဲ့ ကိုက်ညီပါတယ်။ အခုမှိုတွေ့တယ်ဆိုတဲ့ ပစ္စည်းတွေက သယ်ယူပို့ဆောင်ရေး၊ ထားသိုမှုနဲ့ ကိုင်တွယ်မှုစတဲ့ အားနည်းချက်တွေ ကြောင့်လည်း ဖြစ်နိုင်ခြေရှိပါတယ်။ အချိုရည်ကို အခုပြန်စစ်တဲ့ အခါမှာတော့ စားသုံးဖို့မသင့်တဲ့ မှိုတွေတော့ မရှိပါဘူး" ဟု မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA) မှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ချစ်က မတ် ၂၀ ရက်က ပြောကြားသည်။

ထိုင်းနိုင်ငံ Food Star ကုမ္ပဏီမှ ထုတ်လုပ်သည့် Deedo အချိုရည်များမှာ ၂၀၁၂ ခုနှစ်အတွင်း သွင်းကုန်လိုင်စင် စတင်လျှောက်ထားစဉ် ကတည်းက လိုအပ်သည့် စစ်ဆေးမှုများအားလုံး ပြုလုပ်ထားပြီးဖြစ်ကြောင်း၊ FDA အနေဖြင့်လည်း စားသောက်ကုန်များကို သွင်းကုန်လိုင်စင် လျှောက်ထားစဉ်ကတစ်ကြိမ်၊ ဆိပ်ကမ်းဆိုက်ရောက်ချိန်တွင်တစ်ကြိမ်၊ ဈေးကွက်မတင်မီတစ်ကြိမ် လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ပြီးမှသာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခွင့် ပေးခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန အနေဖြင့် ယင်းပစ္စည်းကို နောက်ပိုင်းတွင် ထပ်မံစစ်ဆေးမှုများ ပြုလုပ်သွားရန် ရှိကြောင်းနှင့် စားသောက်ကုန် ပစ္စည်းများမှာ သယ်ယူပို့ဆောင်ရေးကြောင့် သော်လည်းကောင်း၊ ကုန်ပစ္စည်းထားသိုမှု နည်းစနစ်မကျခြင်း ကြောင့်သော်လည်းကောင်း၊ ကုန်ပစ္စည်း ကိုင်တွယ်ရာတွင် သန့်ရှင်းမှုမရှိခြင်းကြောင့် သော်လည်းကောင်း ရောဂါပိုးများ ပေါက်ပွားနိုင်ကြောင်းလည်း သိရသည်။

Deedo အချိုရည်ကို မြန်မာနိုင်ငံတွင် တစ်ဦးတည်း ကိုယ်စားလှယ် ဖြန့်ချီသည့် ကုမ္ပဏီ မရှိသေးကြောင်းနှင့် မကြာမီ အရောင်းကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ရန်ရှိပါကြောင်း၊ မြန်မာနိုင်ငံ FDA က အသိအမှတ် ပြုထားပြီးဖြစ်ကြောင်း၊ သက်တမ်းမလွန်သေးသည့် အချိုရည်များကို မည်သည့်နေရာတွင်မဆို စမ်းသပ်စစ်ဆေးနိုင်ကြောင်း မတ် ၁၈ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ထိုင်းနိုင်ငံ Food Star ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ Mrs.Chantra Pongsri က ထည့်သွင်းပြောကြားသည်။

မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး အသင်းကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက တရားဝင်မှတ်ပုံတင်ခွင့် ရရှိခဲ့ပြီး ကျန်းမာရေး ၀န်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး အသင်းမှ စစ်ဆေးမည့် ပစ္စည်းများနှင့် စစ်ဆေးတွေ့ရှိချက် ရလဒ်များကို မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ ခွင့်ပြုချက်ရမှသာ အများပြည်သူသို့ သတင်းထုတ်ပြန်ရမည်ဆိုသည့် အချက်ကို တောင်းဆိုထားပြီး ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်း တာဝန်ရှိသူ ဦးဗအုပ်ခိုင်ကလည်း ၎င်းအနေဖြင့် စားသုံးရန်မသင့် မှိုတွေ့ရှိ စစ်ဆေးချက်ကို FDA သို့ အကြောင်းကြားခဲ့ခြင်း မရှိခဲ့ကြောင်း ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် စက်တင်ဘာလ အတွင်းကလည်း ငါးပိများတွင် ယူရီးယား ဓာတ်မြေသြဇာ ပါဝင်နေသည်ဟု မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းမှ ပြောကြားခဲ့သည့်အတွက် ငါးပိလုပ်ငန်းရှင်များ ထိခိုက်ခဲ့ရသည်။ ထိုသို့ပြောကြားမှုကြောင့် FDA က ငါးပိများကို စစ်ဆေးခဲ့ရာ ယူရီးယား ဓာတ်မြေသြဇာ ပါဝင်မှု မရှိကြောင်း ပြန်လည် သတင်းထုတ်ပြန် ခဲ့ရသည်။



Eleven Media Group