ရန်ကုန်-မန္တလေး အမြန်လမ်းတလျှောက် အရှိန်နှုန်းတိုင်းတာသည့် Driver Feedback အလုံး ၂၀ ထပ်မံတပ်ဆင်မည်

ပို့စ်တင်ချိန် - 3/05/2014 11:35:00 AM


ရန်ကုန်- မန္တလေးလမ်း အဝေးပြေးအမြန်လမ်းတလျှောက်တွင် ယာဉ်အရှိန်နှုန်းတိုင်းတာမည့် Driver Feedback အလုံးရေ ၂၀ အား ၂၀၁၄ ခုနှစ်၊ မတ်လအတွင်း အပြီးထပ်မံ၍ တပ်ဆင်သွားမည်ဖြစ်ကြောင်း ၂၂ ရက်နေ့က အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးတွင် ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် အမြန်လမ်း အင်ဂျင်နီယာမှူး ဦးပြည့်ဖြိုးဆယ် (မြို့ပြ) က ထည့်သွင်းပြောကြားခဲ့သည်။

“ Hi Speed အမောင်းများတဲ့နေရာတွေ၊ အရှိန်ပိုမောင်းနှင်မှုကြောင့် ယာဉ်မတော်တဆဖြစ်ပွားများတဲ့နေရာတွေမှာ ထပ်ပြီးတပ်ဆင်မှာ ဖြစ်ပါတယ်။ အရင်ကလည်း Driver Feedback ၈ လုံး တပ်ဆင်အသုံးပြုထားဆဲပါ” ဟု အဆိုပါ အင်ဂျင်နီယာမှူးက ပြောသည်။

ယခင်က တပ်ဆင်ထားသော Driver Feedback အလုံး ၂၀ သည် ယခင်တပ်ဆင်ထားသော ၈ လုံးထက် ပိုမိုအဆင့်မြင့်ပြီး Memory စနစ်၊ ကင်မရာစနစ်၊ အချက်ပေးစနစ်တို့ပါဝင်ကာ ယာဉ်များသည် သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်ပါက ကင်မရာမှ အလိုအလျောက် မှတ်တမ်းတင်ကာ ဓာတ်ပုံရိုက်ထားမည်ဖြစ်သလို Alarm မှလည်း အချက်ပေးအသံများ ထွက်ပေါ်လာမည်ဖြစ်ပြီး ဘက်ထရီစနစ်၊ Solar စနစ် ပိုမိုကောင်းမွန်ရန် ကြံဆနေကြောင်းဆိုသည်။ အဆိုပါ Driver Feedback ကိရိယာအား ထိုင်းနိုင်ငံမှ Myanmar Solar Power Co.,Ltd က တင်သွင်းလာသည်ဟု သိရသည်။

Mobile စနစ်ဖြင့် Redflex Traffic Radar အား Solar စနစ်ဖြင့် အားသုံးကာ အရှိန်ပိုယာဉ်များအား လိုက်လံတိုင်းတာဖမ်းဆီးသောစနစ်လည်း လက်ရှိတွင် အသုံးပြုနေဆဲဖြစ်ရာ ယခုတပ်ဆင်မည့် Driver Feedback စနစ်သည် Mobile (ရွေ့လျားစနစ်) မဟုတ်ဘဲ တစ်နေရာတည်းမှာသာ ပုံမှန်တပ်ဆင်ထားသောစနစ်လည်း ဖြစ်သည်။ အမြန်လမ်းတလျှောက်တွင် ယာဉ်များကို တစ်နာရီလျှင် ကီလိုမီတာ တစ်ရာထက် ပိုမမောင်းရန် သတ်မှတ်ထားသော်လည်း Light Truck ကားများကိုမူ တစ်နာရီလျှင် ကီလိုမီတာရှစ်ဆယ်အထိ ပိုမမောင်းရန် သတ်မှတ်ထားကြောင်း အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် အမြန်လမ်းရဲတပ်ဖွဲ့မှူးရဲမှူးကြီးနေဝင်းမှ ပြောကြားခဲ့သည်။

-ကျော်ဇေယျ
Internet Journal