အမြန်လမ်းမကြီးတွင် Express ယာဉ်ကို ခဲဖြင့်ပစ်ပေါက်သူအားဖမ်းဆီးရမိ.

ပို့စ်တင်ချိန် - 3/03/2014 01:05:00 PM


(၁.၃.၂၀၁၄)နေ့ ည (၁၉း၄၈)နာရီအချိန်ခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအတိုင်း မန္တလေးမှလာသော ထက်အောင်လင်း Express ဘုရားဖူးယာဉ်(၂)စီးမှာ ရှေ့/နောက် မောင်းနှင်လာခဲ့ရာ မိုင်တိုင် ၁၂၈/၂ နှင့် ၁၂၈/၃ ကြား (အပြန်လမ်း)အရောက် အရှေ့ဘက်လမ်းစပ်မှ ခဲနှင့်ပစ်ပေါက်ခံရတဲ့အတွက် ကိုအေးမင်းဦး မောင်းနှင်တဲ့ ယာဉ်အမှတ် ၉ဃ/၆၈၇၅ မှန်လုံယာဉ်ရဲ့ ရှေ့လေကာမှန် ကွဲသွားပြီး ကိုအေးမင်းဦးရဲ့ ခေါင်းတွင် ပေါက်ပြဲဒဏ်ရာရရှိခဲ့ပါတယ်။

အလားတူပဲ ကိုမိုးကျော်လွင် မောင်းနှင်လာတဲ့ 2E/5901 ယာဉ်ကိုလည်း ခဲပေါက်ခံရပေမယ့် မှန်ကွဲမသွားပဲ စတေကာသာပေါက်ပြဲသွားခဲ့ပါသည်။ ဒီဖြစ်စဉ်မှာ ယာဉ်မောင်းတွေ သတိရှိတဲ့အတွက် အန္တရာယ်တစ်စုံတစ်ရာမရှိဘဲ လမ်းဘေး ချရပ်နိုင်ခဲ့ပါတယ်။ အခုလို ခဲပေါက်မှုဖြစ်စဉ်ဖြစ်ပြီး မကြာခင်မှာပဲ ဗောဓိကုန်း အမြန်လမ်းရဲစခန်းမှ စခန်းမှူး ဦးစီးတဲ့ လှည့်ကင်းအဖွဲ့တွေရောက်ရှိလာပြီး အခင်းဖြစ်နေရာသို့ ချက်ချင်း ပိတ်ဆို့ ရှာဖွေနိုင်ခဲ့တာကြောင့် ပြစ်မှုကျူးလွန်တဲ့ ကျော်ကို (ခ) ဆိုင်ကြီး နှင့် သန်းဇော်ဦး သရက်တောကျေးရွာနေသူ (၂)ဦးကို ဖမ်းဆီး အရေးယူနိုင်ခဲ့ပါတယ်။

သန်းဇော်ဦးဟာ သရက်တောကျေးရွာမှာ နေထိုင်သူတစ်ဦးဖြစ်ပြီး ယခင်က ဓားခုတ်မှုနဲ့ ထွက်ပြေးနေတဲ့ တရားခံပြေးတစ်ဦးဖြစ်တယ်လို့ သိရပြီး လွန်ခဲ့တဲ့ (၂)လခန့်ကလည်း မိုင်တိုင် ၁၂၈/၀ မှာရှိတဲ့ သစ်တောစိုက်ခင်းက တံတားလက်ရန်း တွေကို အရက်မူးပြီး ဖျက်စီးခဲ့လို့ အရေးယူခံရသေးတယ်လို့ သိရပါတယ်။

အမြန်လမ်းဘေးပတ်ဝန်းကျင်ရှိ ကျေးရွာတွေမှာ နေထိုင်သူအများစုဟာ တောင်ယာနှင့် အသက်မွေးဝမ်းကျောင်းပြုတဲ ရိုးသားသူတွေဖြစ်ကြပြီး အခုလို မကောင်းတဲ့ လူတစ်ယောက်ကြောင့် ရွာနာမည်ပျက်မှာကို သရက်တောကျေးရွာသူ ကျေးရွာသားတွေအနေနဲ့ အထူးပဲ စိုးရိမ်နေခဲ့ကြပါတယ်။ ဘုရားဖူးခရီးသည်တွေ အနေနဲ့လည်း အမြန်လမ်းရဲတပ်ဖွဲ့မှာ တာဝန်ရှိသူများကိုယ်တိုင် အခင်းဖြစ်ရပ်ကို လာရောက်အားပေးပြီး တရားခံရရှိရေး၊ အနီးကပ်ကြီးကြပ်ကွပ်ကဲခဲ့ပြီး တရားခံတွေကို ချက်ချင်း ဖမ်းဆီးအရေးယူနိုင်ခဲ့မှုအပေါ် အထူးပဲဝမ်းမြောက် ကျေးဇူးတင်လျှက်ရှိကြောင်း သိရှိရပါသည်။

The Mirror Daily