ပြည်တွင်းတွင် ဟိုတယ်အခန်းများ တိုးချဲ့ရန် ရှန်ဂရီလာအုပ်စုကို IFC ဒေါ်လာသန်း ၈၀ ချေးမည်

ပို့စ်တင်ချိန် - 3/27/2014 05:32:00 PM


ရန်ကုန်၊ မတ် ၂၆

ပြည်ပခရီးသွားများ ဝင်ရောက်မှု မြင့်တက်လျက်ရှိသော မြန်မာနိုင်ငံတွင် ဟိုတယ်အခန်းများ တိုးချဲ့နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံရန် ဟောင်ကောင် အခြေစိုက် ရှန်ဂရီလာ အာရှလီမိတက် (Shangri-la Asia Limited) ကို IFC (အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း) က အမေရိကန်ဒေါ်လာ သန်း ၈၀ ချေးပေးမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့ထံမှ သိရသည်။

ရှန်ဂရီလာက အဆိုပါ ချေးငွေများကို ၂၀၁၄ ခုနှစ်အတွင်း ပြီးစီးရန် အကောင်အထည် ဖော်နေသော ရန်ကုန်မြို့တော်ရှိ ကုန်သည်ကြီးများ ဟိုတယ်ကို အခန်းပေါင်း ၂၇၀ မှ ၄၈၅ ခန်းအထိ တိုးချဲ့ခြင်းနှင့် အခန်းပေါင်း ၂၄၀ ပါဝင်သော ရန်ကုန် ရှန်ဂရီလာ လူနေအဆင့်မြင့်အိမ်ရာ (Shangri-La Residences Yangon) တို့ ဆောက်လုပ်ရာတွင် အသုံးပြုမည် ဖြစ်ကြောင်း IFC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဟိုတယ်နှင့် အဆင့်မြင့်လူနေ တိုက်ခန်းများ တည်ဆောက်ခြင်းဖြင့် မြန်မာ့ခရီးသွား လုပ်ငန်းကဏ္ဍ တိုးတက်လာခြင်းနှင့်အတူ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်ကြောင်း IFC ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Vikram Kumar က ပြောကြားသည်။

ပြည်တွင်းကို နိုင်ငံတကာ ခရီးသွားများ ဝင်ရောက်မှု များပြားလာပြီး အခန်းလုံလောက်မှု မရှိသည့် ပြဿနာနှင့် ရင်ဆိုင်ရဖွယ် ရှိချိန်တွင် ဟိုတယ်အခန်းများ တိုးချဲ့ဆောက်လုပ်ခြင်းမှာ မြန်မာ့ခရီးသွား လုပ်ငန်းအတွက် အထောက်အကူပြုကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း အမှုဆောင်အဖွဲ့ဝင် ဦးအေးကျော်က ပြောဆိုသည်။
“ခရီးသွားလုပ်ငန်းအတွက် အထောက်အကူ ဖြစ်တယ်။ ဧည့်သည်တွေ ဝင်လာရင် အခန်းခတွေ ဈေးကြီးလို့ မရဘူး” ဟု ၎င်းကဆိုသည်။

ရှန်ဂရီလာ အာရှကုမ္ပဏီသည် ဟောင်ကောင်အခြေစိုက် ဟိုတယ်လုပ်ငန်းစုကြီး တစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံပေါင်း ၂၀ ကျော်တွင် ဟိုတယ်နှင့် အပန်းဖြေစခန်း တစ်ရာဝန်းကျင် ဖွင့်လှစ်ထားကာ မြန်မာနိုင်ငံတွင် ကုန်သည်ကြီးများ ဟိုတယ်ကို ဖွင့်လှစ်ထားသည်။

The Voice Weekly