Laser World ကုမ္ပဏီက တရားစွဲလျှင် ရင်ဆိုင်ဖြေရှင်းရန် အသင့်ရှိဟု တေးသံရှင် Cobra ပြောကြား

ပို့စ်တင်ချိန် - 3/29/2014 07:18:00 PM

မရိုက်ကူးရသေးသော ဇာတ်ညွှန်း မိတ္တူအား ပြန်မပေးဖြစ်သောကြောင့် လက်ထိပ်ခတ်၊ သံကြိုးနှင့်ချည်နှောင်ထားခံရသော အမျိုးသမီး

ယခုသတင်းနှင့် ဆက်စပ်သတင်း
ရင်နင့်ဘွယ်ရာ သတင်းတစ်ပုဒ်
လက်ထိတ်၊ သံကြိုးတန်းလန်းနှင့် ဆေးရုံတက်နေသည့် အမျိုးသမီးသရုပ်ဆောင်သစ်အား အချုပ်ခန်းပြန်ပို့

ရန်ကုန်၊ မတ် ၂၈

ရိုက်ကူးရန် စီစဉ်နေသော ရုပ်သံဇာတ်လမ်းတွဲ၏ ဇာတ်ညွှန်းမိတ္တူ ပျောက်ဆုံးမှုဖြင့် အမှုဖွင့်ခံထားရသော Laser World ကုမ္ပဏီမှ အမျိုးသမီး ဝန်ထမ်းဟောင်း ဆေးရုံခုတင်ပေါ်တွင် လက်ထိတ်ခတ်ကာ ဆေးကုသမှု ခံယူနေပုံကို လူမှုကွန်ရက် Facebook စာမျက်နှာပေါ်တွင် တင်ခဲ့မှုနှင့် ပတ်သက် ၍ Laser World ကုမ္ပဏီက တရားစွဲဆိုလာပါက ရင်ဆိုင်ဖြေရှင်းရန် အသင့်ရှိကြောင်း တေးသံရှင် Cobra က The Voice သို့ ပြောကြားသည်။

“ဒီဓာတ်ပုံကို တင်ခဲ့တယ် ဆိုတာကလည်း ဒီကောင်မလေးနဲ့က ကိုယ့်ကို အင်တာဗျူးတွေလုပ်ရင်း ရင်းနှီးနေခဲ့တာပါ။ သူကျူးလွန်ခဲ့တဲ့ အမှုနဲ့ သူခံစားနေရတဲ့ ဒုက္ခက မမျှတဘူး။ ပြင်းထန်လွန်းတယ် ထင်လို့ ပြေလည်ရာ ပြေလည်ကြောင်း ကူညီပေးနိုင်တဲ့သူတွေ သိစေဖို့ ဒီဓာတ်ပုံကို တင်ပေးတာပါ။ တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး” ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

Facebook ပေါ်တွင် ရေးခဲ့သည့် စာများနှင့် ပတ်သက်၍ Laser World ကုမ္ပဏီပိုင်ရှင် ဦးအောင်ကြူဟိန်းနှင့် နှစ်ဦးသား တွေ့ဆုံကာ ကုမ္ပဏီပိုင်ရှင်ဘက်က ဖြေရှင်းချက် တောင်းခဲ့ကြောင်း၊ မိမိ (တေးသံရှင် Cobra) ကလည်း အမှုဖွင့်ခံရသူ မဆုဆုအောင်မှာ အပြစ်ရှိသည် မှန်သော်လည်း ဝန်ထမ်းဟောင်း တစ်ဦးဖြစ်သည့်အတွက် ညှိနှိုင်းလျှော့ပေါ့စွာ ဆောင်ရွက်ရန် Laser World ကုမ္ပဏီပိုင်ရှင်ကို အကူအညီ တောင်းခံခဲ့ကြောင်း တေးသံရှင် Cobra က ရှင်းပြသည်။

Laser World ကုမ္ပဏီ ဝန်ထမ်းဟောင်း အမျိုးသမီး သရုပ်ဆောင်သစ်၏ ပုံကို Facebook လူမှုကွန်ရက် စာမျက်နှာတွင် တင်ပြခဲ့မှုနှင့် ပတ်သက်၍ တေးသံရှင် Cobra ကို ဖုန်းခေါ်ဆို၍ အဆိုပါကိစ္စရပ် အဖြစ်မှန် အခြေအနေကို မေးမြန်းခဲ့ရာ တစ်ဖက်ပြောပြချက်ကိုသာ သိရှိပြီး အလုံးစုံကို မသိဟု ဖြေကြားခဲ့ကြောင်း၊ ယင်းအတွက်ကြောင့် Facebook ပေါ်တွင် ရေးသားခဲ့မှုများကို သင့်တော်သလို ဖြေရှင်းပေးရန် တောင်းဆိုခဲ့သော်လည်း တေးသံရှင် Cobra ဘက်မှ နှောင့်နှေးနေသည့်အတွက် တရားဥပဒေအရ ဆောင်ရွက်ရန် စီစဉ်ခြင်းဖြစ်ကြောင်း Laser World ကုမ္ပဏီပိုင်ရှင် ဦးအောင်ကြူဟိန်းက ပြောကြားသည်။

အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ မိန်းကလေး တစ်ဦးအနေနှင့် အချုပ်ခန်းထဲတွင် တစ်ရက်နေရခြင်းမှာ မသင့်လျော်သည့်အတွက် ကူညီပေးခဲ့ခြင်းသာ ဖြစ်ကြောင်း၊ ယခုဖြစ်ရပ်မှာ မှန်ကန်မှုများသာ ဖြစ်ပြီး Facebook ပေါ်တွင် ရေးသားထားမှုများမှာ လုပ်ကြံဖန်တီးမှု မပါသောကြောင့် ပြောင်းလဲ ရေးသားရန် မလိုကြောင်း တေးသံရှင် Cobra က ပြောကြားသည်။

Laser World ကုမ္ပဏီမှ ဝန်ထမ်းဟောင်း မဆုဆုအောင်မှာ သိမ်မွေ့စွာ ငြိတွယ်ခြင်း အမည်ဖြင့် ယင်းကုမ္ပဏီက ရိုက်ကူးမည့် ရုပ်သံဇာတ်လမ်းတွဲ၏ ဇာတ်ညွှန်းမိတ္တူကို ပြန်မပေးမှုကြောင့် အမှုဖွင့်ခံထားရပြီး ရဲစခန်းတွင် အချုပ်ကျခဲ့ကြောင်း၊ အချုပ်ထဲတွင် ရှိနေစဉ် ကျန်းမာရေး အခြေအနေ ဆိုးရွားလာမှုကြောင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး ဆေးရုံပေါ်မှ လက်ထိတ်တန်းလန်းနှင့် သံကြိုး ချည်နှောင်ထားခံရသော မဆုဆုအောင်၏ ပုံကို တေးသံရှင် Cobra က မတ်လ ၂၄ ရက်နေ့တွင် ၎င်း၏ Facebook စာမျက်နှာ၌ တင်ခဲ့ရာမှ စတင်ကာ Laser World ကုမ္ပဏီနှင့် တေးသံရှင် Cobra တို့ကြား နှစ်ဖက်အပြန်အလှန် အငြင်းပွားမှုများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

“သူ (မဆုဆုအောင်) ယူသွားတဲ့ ဇာတ်ညွှန်းက မိတ္တူဆိုပေမယ့် အနုပညာပစ္စည်း တစ်ခုက စာမေးပွဲ မေးခွန်းနဲ့ အတူတူပဲ။ ပေါက်ကြားသွားရင် ပြန်ပြင်ဆင်လို့ မရတော့ဘူး။ ဒီဇာတ်ညွှန်းက တစ်ယောက်ယောက် လက်ထဲမှာ ရောက်သွားပြီး ခိုးယူကူးချတာမျိုး လုပ်ရင် ရိုက်မယ့် ဇာတ်လမ်းအတွက် အများကြီး ထိခိုက်နစ်နာနိုင်ပါတယ်” ဟု Laser World ကုမ္ပဏီပိုင်ရှင် ဦးအောင်ကြူဟိန်းက ဆိုသည်။

ဆေးရုံတက်နေသော ကုမ္ပဏီ ဝန်ထမ်းဟောင်း အမျိုးသမီး သရုပ်ဆောင်သစ် မဆုဆုအောင်ကို ရဲများက လက်ထိတ်ခတ်ကာ သံကြိုးနှင့် ချည်ထားခြင်းမှာ တရားဥပဒေအရသာ ဆောင်ရွက်ခြင်း ဖြစ်ပြီး ၎င်း၏ ပယောဂ လုံးဝ မပါဝင်ကြောင်း Laser World ကုမ္ပဏီပိုင်ရှင်က ရှင်းပြသည်။

မဆုဆုအောင်မှာ Laser World မှ ရိုက်ကူးမည့် ဇာတ်လမ်းတွဲတွင် ပါဝင် သရုပ်ဆောင်ရန် ရွေးချယ်ခံထားရသူ ဖြစ်ပြီး ၂၀၁၃ ခုနှစ် သြဂုတ်လတွင် မဆုဆုအောင် အလုပ်မှ နုတ်ထွက်ခဲ့ကြောင်း၊ ဇာတ်လမ်းတွဲ ရိုက်ကူးရန် ဇာတ်ညွှန်းရှာချိန်၌ ဇာတ်ညွှန်း မိတ္တူတစ်စုံ ပျောက်ဆုံးနေပြီး ဝန်ထမ်းဟောင်း ယူဆောင်သည်ဟု သိရှိချိန်တွင် ၎င်းကို ဆက်သွယ်၍ ဇာတ်ညွှန်း ပြန်ပေးရန် တောင်းခဲ့သော်လည်း ပျောက်နေသည်ဟု ပြောသဖြင့် အချိန်ကာလ တစ်ခု စောင့်ဆိုင်းပေးခဲ့ကြောင်း Laser World ကုမ္ပဏီထံမှ သိရှိရသည်။

ယင်းနောက် တစ်ပတ်အကြာတွင် ဇာတ်ညွှန်းမိတ္တူ ပြန်လည် တောင်းခံသည့် အခါ မချေမငံ ပြောဆိုခဲ့ပြီး နောက်ပိုင်းတွင် ဇာတ်ညွှန်းမှာ ခြစား ပျက်စီးသွားပြီဟု ပြောကြားခဲ့ကြောင်း၊ ၎င်းအလုပ်ဝင်စဉ်က ထောက်ခံပေးခဲ့သော ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် ရဲစခန်းတို့ကို ဆက်သွယ်၍ မတ်လဆန်းတွင် တရားဥပဒေအရ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း Laser World ကုမ္ပဏီထံမှ သိရှိရသည်။

အဆိုပါ ဇာတ်ညွှန်းမိတ္တူကို အိမ်ယူခွင့် ပေးထားခြင်း မဟုတ်ဘဲ ဇာတ်ကားတွင် သရုပ်ဆောင်ရန် အတွက် ကြိုတင် လေ့ကျင့်နိုင်စေရန် မန်နေဂျာမှ တစ်ဆင့် ရုံးတွင် အသုံးပြုရန်သာ ခေတ္တ ပေးအပ် ခဲ့ခြင်း ဖြစ်ကြောင်း၊ ရုံးပိုင်ပစ္စည်း တစ်ခုကို အသိမပေးဘဲ ယူဆောင်ခွင့် မရှိကြောင်း ဦးအောင်ကြူဟိန်းက ပြောဆိုသည်။

လက်ထိတ် သံကြိုးတန်းလန်းနှင့် ဆေးကုသမှု ခံယူနေသူ အမျိုးသမီးသည် မတ်လ ၂၆ ရက်နေ့က ဆေးရုံမှ အချုပ်ခန်းသို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ မတ်လ ၂၈ ရက်နေ့ နံနက်က ကျောက်တံတားမြို့နယ် တရားရုံးက မတ်လ ၂၈ ရက်မှ ဧပြီလ ၄ ရက်နေ့ အထိ ချုပ်ရက်ရမန် သတ်မှတ်ပေးထားကြောင်း ကျောက်တံတားမြို့မ ရဲစခန်းထံမှ သိရှိရသည်။

The Voice Weekly