မလေးရှားလေယာဉ် MH370 ဘာဖြစ်ခဲ့သလဲ

ပို့စ်တင်ချိန် - 3/14/2014 03:22:00 PM


(ပျောက်ဆုံးသွားသော မလေးရှားလေယာဉ်ရှာဖွေရေး၌ ပါဝင်သည့် RSS Steadfast မှ အရာရှိတစ်ဦး မတ် ၁၃ ရက်က ညွှန်ကြားမှုများ ပြုလုပ်နေစဉ်)

(Written by - ကိုနေ(မန်း))

စနေ မနက်ကြီး ကွာလာလမ်ပူ-ပေကျင်းခရီးနှင်ချိန်ကနေ ခြောက်ရက်မြောက် နီးနီးကြာလာချိန်မှာ မလေးရှားလေယာဉ် MH370 ရဲ့အစအနတောင် မတွေ့ရသေးဘူး။ တရုတ်က တွေ့တယ်ဆိုတာကလည်း မဟုတ်ပြန်ဘူးတဲ့။ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ သတင်းတွေ၊ မှားယွင်းနေတဲ့ ဆီကွက်၊ အစအနတွေ၊ အဖြေထက် မေးခွန်းတွေကသာ ပိုများပြီး ရှာဖွေမှုအပေါ် အာရုံစိုက်မှု ပိုမိုရှုပ်ထွေးလာစေတယ်။လုံခြုံမှုအကောင်းဆုံး မှတ်တမ်းရှိထားတဲ့ ဘိုးအင်းလေယာဉ်ကြီးရဲ့ကံကြမ္မာနဲ့ သဲလွန်စတွေကို ကမ္ဘာကစောင့်ကြည့်နေစဉ် ဆိုင်ရာလုပ်ငန်းနယ်ပယ် ကျွမ်းကျင်သူတွေရဲ့ အမြင်တွေကိုကိုးကားပြီး စိတ်မှန်းဖြစ်နိုင်ခြေတွေကို ပုံဖော်ကြည့်ရအောင်။

(၁)သီအိုရိ( လေယာဉ်ပေါ်တွင် ဖောက်ခွဲခြင်း)

ဘာကြောင့်လဲ။ ။

မလေးရှားအာဏာပိုင်တို့ရဲ့ အဆိုအရ လေယာဉ်ဟာ နောက်ဆုံးအဆက်အသွယ်ရချိန်မှာ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ပေ ၃၅၀၀၀ မှာ ပျံသန်းနေပြီး နောက်ထပ် ဘာကြားဖြတ်ခေါ်ဆို ဆက်သွယ်မှုမှမရှိဘဲ ရုတ်တရက် အဆက်အသွယ်ပြတ်တောက် ပျောက်ဆုံးသွားခြင်းက လေယာဉ်ဟာ ရုတ်တရက် ဘေးဆိုးအဖြစ်အပျက်နဲ့ ကြုံရနိုင်ခြေကို ထောက်ပြနေတယ်။ အခိုးခံ ပတ်စ်ပို့ကိုင်ခရီးသည်နှစ်ဦး လေယာဉ်ပေါ်မှာပါနေတော့ အကြမ်းဖက်ခံရမှုသံသယ ပိုမိုကြီးထွားလာတယ်။ ဒါပေမဲ့ အင်္ဂါမနက်မှာ ထုတ်ဖော်ချက်အရ ဒီအီရန်သားနှစ်ဦးဟာ ဥရောပကို ခိုးဝင်ဖို့ ကြိုးစားရုံဖြစ်နိုင်ပြီး အကြမ်းဖက်မှုနဲ့ ဆက်စပ်တာ မတွေ့ရဘူးလို့ စီအိုင်အေဒါရိုက်တာ ဂျွန်ဘရီနန်က ပြောတယ်။

အခြားအကြမ်းဖက်မှုဖြစ်နိုင်ခြေကတော့ ဒုံးပျံနဲ့အပစ်ခံရတာ သို့မဟုတ် တိုက်လေယာဉ်နဲ့ တိုက်ခိုက်ခံရတာ။

ကျွမ်းကျင်သူအမြင် -“ဒီလိုလေယာဉ်ဒီဇိုင်းနဲ့ စွမ်းဆောင်ရည်မျိုးအရ ဒါတွေဖြစ်လိမ့်မယ်လို့ ကျွန်တော်တော့ မယုံကြည်ဘူး”လို့ ထိပ်တန်း သြစတြေးလျလေကြောင်းအကြံပေးကုမ္ပဏီ SAS မှ ဥက္ကဋ္ဌ နေးလ်ဟန်းစ်ဖို့ဒ် ကပြောတယ်။ “ကျွန်တော်မြင်တာက အချက်သုံးချက်ရှိတယ်။ (၁) လေယာဉ်ပေါ်မှာ ဗုံးပါတာ။ (၂) လေယာဉ်ကို ဒုံးပျံ သို့မဟုတ် စစ်တိုက်လေယာဉ်နဲ့ တိုက်ခိုက်တာ။ (ဒေသတွင်းတင်းမာမှုများကြောင့် မှားယွင်းပစ်ချခံရခြင်းလည်း စဉ်းစားနိုင်)။(၃) ကက်ပတိန်က စက်ခန်းကိုစွန့်ခွာသွားလို့ လေယာဉ် ဒိုင်ဗင်ထိုးဆင်းတာ။

(၂) သီအိုရီ (စက်ချွတ်ယွင်းမှု)

ဘာကြောင့်လဲ။ ။

ရုတ်တရက်ပျောက်ဆုံးမှုဟာ (စက်ချွတ်ယွင်းမှုကြောင့်) အလျင်အမြန် နိမ့်ဆင်းသွားမှုကြောင့်ဆိုတာ ဖြစ်နိုင်ခြေတစ်ခုပါ။ မလေးရှားအာဏာပိုင်တွေရဲ့ အစီရင်ခံစာအရ လေယာဉ်ဟာ အဆက်အသွယ် မပြတ်တောက်မီ အနောက်ကိုနည်းနည်း ပြန်လှည့်ခဲ့ဖွယ်ရှိတယ်တဲ့။ ပိုင်းလော့က ပြဿနာတစ်ခုကို ဖြေရှင်းဖို့ ရုန်းကန်နေရတဲ့ ညွှန်းဆိုချက်တစ်ခု ဖြစ်နိုင်တယ်။ သီအိုရီကို အားပေးထောက်ခံတဲ့အချက်ပေါ့။

ကျွမ်းကျင်သူအမြင် -“ကျွန်မအမြင်မှာတော့(ပြန်ကွေ့တယ်ဆိုတာ) ရုတ်တရက် ပြဿနာရှိလို့ပဲ။ စက်ရပ်သွားလို့ပဲ”လို့ အမေရိကန်ပြည်ထောင်စု သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန စစ်ဆေးရေးမှူးချုပ်ဟောင်းနဲ့ လေကြောင်းဆိုင်ရာရှေ့နေ မေရီဆချီယာဗို က ပြောတယ်။
“ဒါက သင့်လေယာဉ်အင်ဂျင်တွေကို ဆုံးရှုံးသွားတယ်လို့ ဆိုလိုတာမဟုတ်ဘူး။သင့်လေယာဉ်တောင်ပံတွေပေါ်မှာ လေစီးဆင်းမှု ဆုံးရှုံးသွားတာကို ဆိုလိုတာ။ သင့်လေယာဉ်ကို လေထဲမှာ လုံလောက်တဲ့အမြန်နှုန်းနဲ့ ဆက်ထိန်းနိုင်မှု ဆုံးရှုံးတာကိုဆိုလိုတာ။
ဒါဆိုရင် လေယာဉ်ရဲ့ပင်လယ်ရေ မျက်နှာပြင်အထက်အမြင့်က ရုတ်ခြည်းထိုးကျသွားရော” သူမရဲ့စိတ်မှန်းဖြစ်နိုင်ခြေကို အဲယားဖရန့်စ် -၄၄၇ ကံကြမ္မာနဲ့ နှိုင်းယှဉ်ပြတယ်။ ၂၀၀၉ တုန်းက လေယာဉ်ရဲ့မြန်နှုန်း အာရုံခံကိရိယာ ချွတ်ယွင်းမှုကြောင့် အန္တလန်တိတ်သမုဒ္ဒရာထဲ ပျက်ကျခဲ့တာပါ။ သြစတြေးလျရုပ်သံ အေဘီစီနဲ့အင်တာဗျူးမှာ ပြောခဲ့တယ်။

တကယ်လို့သာ စက်ချွတ်ယွင်းမှုနဲ့ ပိုင်းလော့ရဲ့အမှားအယွင်းပေါင်းစပ်ပြီး လေယာဉ်ပျက်ကျတာလို့ဆိုရင် ဒါဟာနီးစပ်တဲ့ စိတ်မှန်းဖြစ်နိုင်ခြေပဲလို့ “ဖရော့စ် အင်န်ဆူလီဗန်”အာရှနဲ့ ပစိဖိတ်လေကြောင်းနဲ့ အာကာသအတိုင်ပင်ခံအကြံပေး ရာဗီမာဒါဗာရမ်က ပြောတယ်။

“လေယာဉ်တစ်စင်း ပျက်ကျရေးဆီဦးတည်တဲ့အချက်က သာမန်အားဖြင့် တစ်ချက်တည်း မဟုတ်ပါဘူး။ စက်ချွတ်ယွင်းမှုနဲ့ ပိုင်းလော့ ဆုံးဖြတ်ချက် ပေါင်းစပ်ပြီးမှဖြစ်တာပါ။ အဲဒီချွတ်ယွင်းမှုနဲ့ ဆုံးဖြတ်ချက်တွေဟာ သီးခြားစီနဲ့ အန္တရာယ်ကင်းစွာနဲ့ မကြာခဏဆိုသလို ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အဲဒီအကြောင်းရင်းတွေ ပေါင်းစပ်မိပြီဆိုရင်တော့ ဘေးဆိုးဆီ ဦးတည်တော့တာပဲ”လို့ ဆိုတယ်။

(၃)သီအိုရီ (အစိတ်စိတ်အမြွှာမြွှာတစ်စစီဖြစ်သွားခြင်း)

ဘာကြောင့်လဲ။ ။

လေယာဉ်အပျက်အစီးအပိုင်းအစမျှပင် မတွေ့ရခြင်း၊ သေတ္တာနက်မှ ထုတ်လွှင့် အချက်ပေးမှု မရရှိခြင်းတို့ကြောင့် လေယာဉ်သည် လေထဲမှာပင် တစ်စစီပေါက်ကွဲ လွင့်စဉ်သွားပြီဟူသော ထင်မြင်ချက်များ ဖြစ်ပေါ်စေပါတယ်။

ကျွမ်းကျင်သူအမြင် - ယခင်က လေယာဉ်တွေ ပျောက်ဆုံးမှုအချို့နောက်မှာ တစ်စစီပေါက်ကွဲမှု ရှိခဲ့ပေမယ့် ဒီနေ့ခေတ် ဒီလိုလေယာဉ်တွေဟာ ပိုကောင်းတဲ့ စက်ကိရိယာ၊ နည်းပညာနဲ့ အချိန်မှန်ပြုပြင်ထိန်းသိမ်းရေးစနစ်တွေ ရှိနေတယ်လို့ မာဒါဗာရမ် ကပြောတယ်။

“တရုတ်လေကြောင်းလိုင်းမှာ နောက်ဆုံး ဖြစ်ပျက်ခဲ့တာကိုကြည့်ပါ။ ၂၀၀၂ က ခရီးစဉ်အမှတ် ၆၁၁ လေယာဉ်ဟာအမြင့်ပေ ၃၅၀၀၀ မှာဖြစ်ခဲ့တာပါ။ အဲဒီလေယာဉ်က ဘိုးအင်း-၇၄၇ ပျက်ကျရတဲ့ အကြောင်းရင်းက မှားယွင်းပြင်ဆင်မှုကြောင့်”

ဒါပေမဲ့ ၇၄၇ နည်းပညာဟာ ယခု ၇၇၇ ထက် နှစ်၂၀ လောက် ခေတ်နောက်ကျကျန်ခဲ့ပြီလို့ သူကပြောတယ်။

(၄)သီအိုရီ (လေယာဉ်အပိုင်စီးခံရခြင်း)

ဘာကြောင့်လဲ။ ။

လေယာဉ် ဦးတည်လမ်းကြောင်းတစ်လျှောက်မှာ အကျိုးအပဲ့အပျက်အစီးများ ရှာဖွေမတွေ့ရခြင်းကြောင့် လေယာဉ်ဟာ အနည်းငယ်နောက်ပြန်လှည့်ခဲ့တယ်ဆိုတာကြောင့် ဖြစ်နိုင်ခြေရှိတယ်။ လမ်းကြောင်းပြောင်းသွားတယ်ဆိုတဲ့ မလေးရှားစစ်ဘက်က သတင်းတွေကလည်း ဆန့်ကျင်ဘက်သတင်းတွေ ဖြစ်တာကြောင့် အပိုင်စီးခံရတယ်လို့ ထင်ကြတယ်။ စုံစမ်းစစ်ဆေးသူတွေက ခုထိ ဒီအချက်ကို ငြင်းပယ်မထားဘူး။

မလေးရှားလေကြောင်းကပြောရာမှာ သူတို့လေယာဉ်မှာ ခေတ်မီလေယာဉ် ဆက်သွယ်ရေး၊ အကြောင်းကြားရေး၊ အစီရင်ခံရေးစနစ် Aircraft Communications Addressing and Reporting System (ACARS) စနစ် တပ်ဆင်ထားတယ်လို့ ဆိုတယ်။
အဲဒီစနစ်က လေယာဉ်ဘယ်လောက် အမြန်နှုန်းနဲ့ ဘယ်နေရာရောက်နေတယ်ဆိုတာကအစ အလိုအလျောက် ပြန်လည်သတင်းပို့တယ်လို့ဆိုပေမယ့် flight MH370 ရဲ့ ဘာဒေတာကိုမျှ ခုထိထုတ်ပြန် မပေးသေးဘူး။

ကျွမ်းကျင်သူအမြင်။ ။

ပြန်လှည့်တယ်ဆိုတဲ့ သတင်းက မေးခွန်းများစွာကို ဖြစ်ပေါ်စေတယ်လို့ အမေရိကန်အခြေစိုက် လေကြောင်းအတိုင်ပင်ခံကုမ္ပဏီLeeham Co. မှ MD ဖြစ်သူ စကော့ဟာမီတန်က ပြောတယ်။

“တကယ်လို့သာ ဒါဟာ ဗီယက်နမ်ကမ်းခြေအနီးမှာ ဖြစ်ခဲ့တာဆိုရင် အရေးပေါ်အခြေအနေမှာ ဘာကြောင့် အနီးဆုံးလေဆိပ်ကို ဆင်းသင့်လျက်နဲ့ ပြန်လှည့်ရတာလဲ”လို့ သူ့ ကုမ္ပဏီဝက်ဘ်ဆိုက်မှာ ရေးတယ်။

ပိုကြီးမားတဲ့မေးခွန်းကတော့ ပြန်လှည့်မှုဟာ ပိုင်းလော့ (သို့မဟုတ် အပိုင်စီးသူတွေ) ရဲ့ရည်ရွယ်ချက်ရှိရှိ အမိန့်ပေးမှုအောက်မှာလား။ သို့မဟုတ် အင်ဂျင်ပြဿနာ သို့ မဟုတ် ပေါက်ကွဲမှုကြောင့်လား။

သို့သော်Frost & Sullivan မှ မာဒါဗာရန်က အကြောင်းများစွာကြောင့် အပိုင်စီးမှုကို ပယ်ချပါတယ်။ ဘယ်သူတွေက သူတို့လက်ချက်ပါ၊ ဘာပေးပါလို့ ပြောတာမရှိသလို ခေတ်မီရေဒါတွေ မျက်မြင်သက်သေတွေကို ရှောင်လွှဲဖို့ခက်တာကြောင့်တဲ့။

(၅)သီအိုရီ (ပိုင်းလော့သေကြောင်းကြံခြင်း)

ဘာကြောင့်လဲ။ ။

သူတို့ကိုယ်တိုင်ရဲ့ အသက်တွေပါဝင်တဲ့ လေယာဉ်ကို ပိုင်းလော့တွေက ပျက်စီးစေခြင်းဆိုတာ ဖြစ်တောင့်ဖြစ်ခဲပါ။ အမေရိကန်ပြည်ထောင်စု လေကြောင်းအုပ်ချုပ်ရေးဌာန US Federal Aviation Administration အဆိုအရ ပိုင်းလော့တွေ ကိုယ့်ကိုယ် ကိုယ် သေကြောင်းကြံမှုဟာ လေကြောင်းမတော်တဆမှု စုစုပေါင်းရဲ့ သုညဒသမငါး (၀.၅) ရာခိုင်နှုန်းတောင် မရှိဘူးတဲ့။

ကျွမ်းကျင်သူအမြင်။ ။

“ကိုယ်ကိုယ် ကိုယ်သေကြောင်းကြံမှုဆိုတာလည်း ဖြစ်နိုင်ခြေတစ်ခုပါ။ တကယ်လို့သာ အပျက်အစီးအပိုင်းအစ များများစားစား မတွေ့ဘူးဆိုရင် လေယာဉ်ဟာ အလုံးလိုက်ပြုတ်ကျတာ ဖြစ်နိုင်လို့ပဲ”လို့ SMU Singapore Management University မှ လေကြောင်းဆိုင်ရာကျွမ်းကျင်သူ တာရင့်စ်ဖန်း ကပြောတယ်။ “လေယာဉ်ကတော့ ပင်လယ်ရေထဲမှာ ပေါလောပေါ်နေမှာ မဟုတ်ဘူး။ တကယ်လို့ လေယာဉ် ရေထဲစိုက်ကျနစ်မြုပ်သွားပြီဆိုရင် ရေတွေက အတွင်းကိုဝင်လာမှာပဲ။ ဘာကြောင့်ဆိုရင် လေယာဉ်တံခါးတွေက ရေမလုံဘူးလေ”တဲ့။

မလေးရှားလေယာဉ်ပေါ်က ၂၃၉ ဦးစလုံး ဘေးကင်းကြပါစေ။




Eleven Media Group