မိုင်းတုံတွင် ဖုန်းလိုင်းများ မကြာခဏ ပြတ်တောက်ခြင်းမှာ တပ်ဆက်သွယ်ရေးကြောင့်ဟု MPT ဆို

ပို့စ်တင်ချိန် - 3/05/2014 05:39:00 PM

မိုင်းတုံ၊ မတ် ၎

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင် မိုဘိုင်းလ် တယ်လီဖုန်းများ ဆက်သွယ်၍ မရဘဲ မကြာခဏ ပြတ်တောက်ခြင်းမှာ မိုင်းတုံအခြေစိုက် ဆက်သွယ်ရေး တပ်ကြောင့် ဖြစ်ကြောင်း မိုင်းတုံမြို့ မြန်မာ့ ဆက်သွယ်ရေးရုံး အင်ဂျင်နီယာ ဦးမျိုးညွန့်က ပြောကြားသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ သတ်မှတ်ချက်အရ ဖုန်းကြိုးလိုင်းများမှာ မြေကြီးအနက် အနည်းဆုံး ခြောက်ပေတွင် ထားရှိရမည့်အပြင် လမ်းဧရိယာနှင့် လွတ်ကင်းရမည် ဖြစ်သော်လည်း လက်ရှိတွင် မိုင်းတုံမြို့၏ ဆက်သွယ်ရေး ကေဘယ်လ်ကြိုး များသည် လမ်းနှင့် မလွတ်သည့်ပြင် မြေအောက် သတ်မှတ်ပေ အနက်တွင်လည်း မရှိသဖြင့် ထိခိုက်လွယ်ပြီး မကြာခဏ ပြတ်နေကြောင်း၊ မိုင်းတုံမြို့ ဆက်သွယ်ရေးကို ယခင်ကာလများထဲက ဆက်သွယ်ရေးတပ်မှ တာဝန်ယူခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“အခုလည်း မြန်မာ့ဆက်သွယ်ရေးက တပ်ဆက်သွယ်ရေးဆီက ငှားသုံးရတာလေ။ စက်ပျက်၊ ကြိုးပြတ်တွေကြောင့် ဖုန်းတွေ ပြတ်ရတာ တပ်ဆက်သွယ်ရေးမှာ အများဆုံး တာဝန်ရှိတယ်” ဟု ၎င်းကဆိုသည်။

မိုင်းတုံမြို့တွင် မဟာဓာတ်အားလိုင်း မရှိသည့်အတွက် မီးစက်များဖြင့် လျှပ်စစ်မီးပေးရပြီး ကေဘယ်လ်ကြိုးကြောင့် ဆက်သွယ်မှု ပြတ်တောက်ခြင်း ဖြစ်သည့်အပြင် မီးစက်များ ချို့ယွင်းချက်ကြောင့်လည်း ဆက်သွယ်မရ ဖြစ်ရကြောင်း၊ ကြိုးများ ပြတ်သည့်အခါ ဆက်ရသည့် ဆက်ထုံးသေတ္တာများမှာ ရာဂဏန်းမျှ ကပ်နေပြီ ဖြစ်နေသည်အပြင် ပြတ်သည့်နေရာကို တိုင်းတာသည့် စက်မှာ မိုင်းဆတ် တပ်ရင်းတွင်သာ ရှိသဖြင့် မိုင်းတုံ-မိုင်းဆတ်အကြား ပြတ်ပါက ၄၂ မိုင် ဝေးသည့် မိုင်းဆတ်မှ လာရောက် ပြင်ဆင်ရသဖြင့် အနည်းဆုံး တစ်ရက်ခန့် ကြာမြင့်ကြောင်း မိုင်းတုံအခြေစိုက် ဆက်သွယ်ရေးတပ် တာဝန်ခံက ဆိုသည်။

“သန်းခေါင်စာရင်းက လာတော့မယ်။ လာရင် ၂၄ နာရီ မိုးအလင်းလုပ်ရမှာ။ ဖုန်းလိုင်းတွေက အဓိကပဲ။ အချိန်နဲ့ တစ်ပြေးညီ လုပ်ရမှာ။ ဒီလိုဖုန်းလိုင်းတွေ ပျက်မနေမှ 3G ရနေမှ လုပ်ငန်းတွေ မြန်ဆန်ချောမွေ့ အဆင်ပြေမှာ။ ဆက်သွယ်ရေးကိုတော့ လိုအပ်ချက် ရှိတယ်ဆိုတာ ကြိုတင် အကြောင်း ကြားထားပါတယ်” ဟု ယင်းမြို့နယ်ထွေ/အုပ် ဒုအုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်ထွန်းက ဆိုသည်။

မိုင်းတုံတစ်မြို့နယ်လုံး၌ CDMA 450/ CDMA800/ GSM ဖုန်းလိုင်းများ ရှိပြီး မြန်မာ့ဆက်သွယ်ရေးမှ ဖုန်းလိုင်း တစ်လိုင်းလျှင် တစ်လကျပ် ၂၄ သိန်းနှုန်း၊ တစ်ရက် ၂၄ နာရီဖြင့် တပ်ဆက်သွယ်ရေးမှ ပြန်လည် ငှားရမ်းထားသည်ဟု သိရှိရသော်လည်း ဖုန်းများစတင် အသုံးပြုသည့် ကာလကစ၍ ညဥ့် ၁၁ နာရီခန့်တွင် ဖုန်းလိုင်း ပိတ်ပြီး နံနက် ၆ နာရီကျော်မှသာ ဖုန်းလိုင်းများ ဖွင့်ပေးကြောင်း၊ တစ်လလျှင်အကြိမ် ၂၀ နီးပါးခန့် ဆက်သွယ်မှု ပြတ်တောက်ခဲ့ပြီး မည်သည့် ကြေညာချက်မျှ ထုတ်ပြန်ခြင်း မရှိခဲ့ကြောင်း မိုင်းတုံဒေသခံများက ပြောကြားသည်။

ယခုလက်ရှိ မိုင်းတုံဖုန်းလိုင်း ပြတ်တောက်မှုသည် မတ်လ ၂ ရက် နံနက် ၈ နာရီ ၁၅ မိနစ်မှ မတ်လ ၃ ရက် ညနေ ၄ နာရီ ၁၀ မိနစ်အထိဖြစ်ပြီး CDMA800 မရရှိသေးဘဲ အခြားလိုင်းများသာ ရရှိသေးကြောင်း ဒေသခံများက ဆိုသည်။

ကေဘယ်လ်ကြိုးများ ပြတ်သဖြင့် လည်းကောင်း၊ မီးစက်နှင့် အခြားချို့ယွင်း ချက်များကြောင့် လည်းကောင်း ဖုန်းလိုင်းများ ဆက်သွယ်မရ ဖြစ်ရသည့် အကြိမ်အရေအတွက်မှာ ပြီးခဲသည့် ဖေဖော်ဝါရီလအတွင်း ၁၅ ကြိမ်ခန့် ရှိကြောင်း ယင်းမြို့နယ် ဆက်သွယ်ရေး တာဝန်ခံထံမှ သိရသည်။
The Voice Weekly