MPU ကတ်များ ငွေစုဘဏ်စာရင်းနှင့် ချိတ်ဆက်ရန် အဆင်သင့်ဟုဆို

ပို့စ်တင်ချိန် - 3/12/2014 12:23:00 AM


ရန်ကုန်၊ မတ် ၁၀

ပြည်တွင်းထုတ် ငွေပေးချေ ကတ်စနစ် MPU ကတ်စာရင်းကို အတိုးနှုန်း ရရှိသည့် ငွေစုဘဏ် အပ်ငွေစာရင်း (Saving Account) နှင့် ချိတ်ဆက် အသုံးပြုနိုင်မည့် ဝန်ဆောင်မှုပေးရန် MPU အဖွဲ့ဝင် ဘဏ်များအားလုံး အဆင်သင့် ဖြစ်ကြောင်း MPU (Myanmar Payment Union) အမှုဆောင် အရာရှိချုပ် ဦးဇော်လင်းထွဋ်က ပြောကြားသည်။

ပြည်တွင်းဘဏ်များ ပူးပေါင်း ထုတ်လုပ်ထားသည့် MPU ကတ်များနှင့် ငွေစုဘဏ်စာရင်း တရားဝင် ချိတ်ဆက် အသုံးပြုနိုင်ရန် အတွက်မူ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြုချက် ရရှိရန် တင်ပြထားကြောင်း ၎င်းကရှင်းပြသည်။
“ဘဏ်တွေ အားလုံးက Ready (အဆင်သင့်) ပဲ။ ခွင့်ပြုချက် ကျတာနဲ့ ရပြီ” ဟု ၎င်းကဆိုသည်။

MPU ကတ်များကို ငွေစုဘဏ် အပ်ငွေစာရင်းနှင့် ချိတ်ဆက်နိုင်ပါက ကတ်စာရင်း သီးသန့် မလိုအပ်တော့သည့် အတွက် အဆင်ပြေကြောင်း ယင်းကတ်သုံးစွဲသူ များက ပြောဆိုသည်။

MPU ကတ်များကို ၂၀၁၂ ခုနှစ် နှောင်းပိုင်းတွင် စတင် ထုတ်ဝေခဲ့ပြီး ကတ်စာရင်းသို့ ငွေပမာဏ အကန့်အသတ် မရှိ ထည့်သွင်းနိုင်ကာ တစ်ရက်လျှင် ကျပ် ၁၀ သိန်းခန့် ထုတ်ယူနိုင်ကြောင်း ပုဂ္ဂလိက ဘဏ်များထံမှ စုံစမ်း သိရှိရသည်။

The Voice Weekly