MSF ကို ခေတ္တ ရပ်နားထားပေမဲ့ ရခိုင်ပြည်နယ် အတွင်းက HIV/AIDS လူနာ (၇၀၀) ကျော် အတွက် ကျန်းမာရေး ၀န်ကြီးဌာနက ဆက်လက် တာဝန်ယူမည်

ပို့စ်တင်ချိန် - 3/06/2014 12:37:00 AM


နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) ရဲ့ ကျန်းမာရေးဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းများကို ခေတ္တ ရပ်နားထားပေမဲ့ ရခိုင်ပြည်နယ် အတွင်းက (HIV/AIDS) လူနာ (၇၀၀) ကျော် အတွက် ကျန်းမာရေး ၀န်ကြီးဌာနက ဆက်လက် တာဝန်ယူကာ (ART) ဆေးဝါးထောက်ပံ့မှုတွေကို ဆက်လက် ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။ အဲ့လိုထောက်ပံ့ပေးရာမှာ ရခိုင်ပြည်နယ် အတွင်းက ပြည်သူ့ဆေးရုံတွေနဲ့ ချိတ်ဆက် ဆောင်ရွက်သွားမှာဖြစ်ပြီး စစ်တွေ၊ ဗူးသီးတောင်နဲ့ မောင်တောမြို့နယ်များက ဆေးရုံများမှာတော့ မတ်လဆန်းမှ စတင်ကာ (ART) ဆေးတွေကို အခမဲ့ ထုတ်ယူ သွားနိုင်တယ်လို့ အမျိုးသား ခုခံအား ကျဆင်းမှု ကူးဆက်ရောဂါ တိုက်ဖျက်ရေး စီမံချက်ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကျန်းမာရေး ၀န်ကြီးဌာန အနေနဲ့ ဟော်လန်နိုင်ငံ အခြေစိုက် နယ်စီးမခြား ဆရာဝန်များအဖွဲ့ (MSF) ရဲ့ လုပ်ငန်းတွေကို ရခိုင်ပြည်နယ် အတွင်းမှာ ခေတ္တရပ်နားထားပေမဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေကို လုပ်ကိုင်ခွင့် ရရှိထားတဲ့ အခြား ပြည်နယ်နဲ့တိုင်း (၁၃) ခုမှာတော့ ထောက်ပံ့ရေး လုပ်ငန်းတွေကို ဆက်လက် လုပ်ကိုင်ခွင့် ပြုထားတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ (MSF) ဟော်လန်ရဲ့ လုပ်ငန်း လိုအပ်ချက်တွေကို နှစ်ဦးနှစ်ဖက် နားလည်မှု စာချွန်လွှာ (MOU) ကိုလည်း နှစ်အပိုင်းအခြားအလိုက် ဆက်လက်ညှိနှိုင်း ရေးထိုးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း အေးချမ်းတည်ငြိမ်မှု ရရှိလာတဲ့ အခါမှာ နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) ရဲ့ လုပ်ဆောင်ချက်တွေကို ပြန်လည်သုံးသပ်ကာ အချိန်ကာလ အပိုင်းအခြား တစ်ခုအတွင်းမှာ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေကို ပြန်လည်ဆောင်ရွက်နိုင်ရေး စဉ်းစားဆောင်ရွက် ပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီလို ရခိုင်ပြည်နယ်တွင်း MSFရဲ့ လုပ်ငန်းတွေ ဆောင်ရွက်မူကို ရပ်ဆိုင်းရတာဟာ ကျန်းမာရေး စောင့်ရှောက်မူ လုပ်ငန်းတွေ ဆောင်ရွက်တဲ့ အခါမှာ လူမျိုးစု နှစ်ခုကြား ဘက်လိုက်မူတွေ ရှိနေတာကြောင့် ဖြစ်တယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကို skynet up to date က ဆက်သွယ် မေးမြန်းခဲ့ရာမှာ ပြောကြားပါတယ်။

နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ (MSF) ရဲ့ ဖေဖော်ဝါရီ (၂၈) ရက်စွဲပါ ထုတ်ပြန်ချက်မှာတော့ ရခိုင်ပြည်နယ်တွင်း ကျန်းမာရေး လုပ်ငန်းတွေကို ဆောင်ရွက်တဲ့ အခါမှာ ဆေးဘက်ဆိုင်ရာ ကျင့်ဝတ်သိက္ခာအရ ကြားနေပြီး ဘယ်ဘက်ကိုမှ မလိုက်တဲ့ မူဝါဒတွေနဲ့ အညီ လုပ်ဆောင်တာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ အမေရိကန် ပြည်ထောင်စုကတော့ မြန်မာနိုင်ငံတွင်း လိုအပ်တဲ့ လူတွေအတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေပေးနိုင်ဖို့ နိုင်ငံတကာ အသိုက်အဝန်းနဲ့ ဆက်ပြီး လက်တွဲ လုပ်ဆောင်သွားပါလို့ တိုက်တွန်းထားပြီး MSFရဲ့ မြန်မာနိုင်ငံတွင်းက လုပ်ငန်းတွေ ရပ်ဆိုင်းဖို့ ညွှန်ကြားခံရတယ်ဆိုတဲ့ သတင်းတွေကြောင့် အမေရိကန် ပြည်ထောင်စု အနေနဲ့ အထူးစိုးရိမ်မိပြီးတော့ လုပ်ငန်းတွေ ပြန်စနိုင်ရေး မြန်မာအစိုးရနဲ့ MSF အကြား ဆွေးနွေးညှိနှိုင်း နေတယ်လို့ နားလည်ထားကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျန်ဆာကီး (JenPsaki) က ပုံမှန်သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောကြားခဲ့တယ်လို့ အင်တာနက် စာမျက်နှာများက တစ်ဆင့် သိရှိရပါတယ်။

အဲ့ဒီလို အမေရိကန်အစိုးရရဲ့ တိုက်တွန်းချက်နဲ့ ပတ်သက်ပြီးတော့လည်း ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ်က အခုလို တုံ့ပြန်ဖြေကြားပါတယ်။ ဟော်လန်နိုင်ငံ အခြေစိုက် (MSF) အဖွဲ့ဟာ (၁၉၉၂) ခုနှစ်က စတင်ကာ ကျန်းမာရေး ၀န်ကြီးဌာနနဲ့ လက်တွဲ လုပ်ဆောင်ခဲ့တဲ့ နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုဖြစ်ပြီး နိုင်ငံတစ်ဝန်း လူဦးရေ (၄) သိန်းကျော်ကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတဲ့ အဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းအတွင်းကတော့ ရခိုင်ပြည်နယ် အတွင်းမှာ (MSF) ရဲ့ လုပ်ငန်းတွေဟာ လူမျိုးစု နှစ်ခုအကြားမှာ မျှတမှု မရှိဘူးဆိုကာ ရခိုင်လူမျိုးတွေက ဆန္ဒပြခဲ့တဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်တယ်ဆိုတဲ့ အကြောင်း သတင်းရရှိပါသည်။

Hiv information Myanmar