အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နဲ့ NCCT ပူးတွဲ သတင်းထုတ်ပြန်

ပို့စ်တင်ချိန် - 3/10/2014 03:53:00 PM






အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ရဲ့ တနိုင်ငံ အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့ ဟာ ဒီကနေ့ ပူးတွဲ သတင်းထုတ်ပြန် လိုက်ပါတယ်။


 ဘားအံအကြို ရန်ကုန်ဆွေးနွေးပွဲ ဒီကနေ့ ခေတ္တနားစဉ် မှတ်တမ်း၊ ဓာတ်ပုံ- Nyo Ohn Myint

အပြည့်အစုံကတော့ .....
 
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့၏ ပူးတွဲ သတင်းထုတ်ပြန်ချက်

၁။ ၂၀၁၄ ခုနှစ်၊ မတ်လ ၉၊ ၁၀ ရက်နေ့များတွင် မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) ၌ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ကိုယ်စား လှယ်များ၊ တပ်မတော်မှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ နှင့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) မှကိုယ်စားလှယ်များသည် ချစ်ကြည်ရင်းနှီးစွာ ညှိနှိုင်းဆွေးနွေးကြပါသည်။

၂။ နှစ်ဖက်ကိုယ်စားလှယ်များမှ အားလုံးသဘောတူညီနိုင်သော တစ်နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် မူကြမ်းတစ်ခုတည်း (Single Text) ရရှိရေးကိုပူးတွဲပြုစုရန်နှင့် အဆိုပါမူကြမ်း ကို ပူးတွဲရေးဆွဲ နိုင်ရေးအတွက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ပူးတွဲရေးသား ပြု စုရေး လုပ်ငန်းအဖွဲ့ကို နှစ်ဖက်တာဝန်ရှိသူများမှ အညီအမျှပါဝင်သော အရေအတွက်ဖြင့် ညှိနှိုင်း ဖွဲ့စည်းသွားရန် သဘောတူညီခဲ့ကြပါသည်။

၃။ နှစ်ဖက်ကိုယ်စားလှယ်များမှ ၂၀၁၄ခုနှစ်၊ မတ်လနောက်ဆုံးအပတ် တွင် ထပ်မံတွေ့ဆုံဆွေးနွေးရန် သဘောတူညီ ခဲ့ကြပါသည်။ ထပ်မံပြုလုပ်မည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ သို့ အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ တက်ရောက်နိုင်ရေးအတွက် ဖိတ်ကြားသွားရန် လည်း သဘောတူညီခဲ့ကြပါသည်။

၎။ နှစ်ဖက်တက်ရောက်လာသော ကိုယ်စားလှယ်များမှ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း တစ်ခုကို အောက်ပါ အခန်း (၇) ခန်းဖြင့် ပြုစုရေးသားရန် ပဏာမ သဘောတူခဲ့ကြပါသည်။

နိဒါန်း အခန်း
(၁) အခြေခံမူများ အခန်း
(၂) ဦးတည်ချက်နှင့် ရည်ရွယ်ချက် အခန်း
(၃) အပစ်အခတ်ရပ်စဲရေးဆိုင်ရာကိစ္စရပ်များ အခန်း
(၄) အပစ်အခတ်ရပ်စဲရေးကိုခိုင်မာစေရန် လုပ်ဆောင်ရမည့်နည်းလမ်းများ အခန်း (၅) နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ အာမခံချက်များ အခန်း
(၆) ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အခန်း
(၇) အထွေထွေ

၅။ နှစ်ဖက်ကိုယ်စားလှယ်အားလုံးသည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်ကို အမြန်ဆုံး ရေးဆွဲအကောင်အထည်ဖော်ကြရန်နှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ အမြန်ဆုံး
ပေါ်ပေါက်လာအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် ဆွေးနွေးခဲ့ကြပါသည်။



ဧရာဝတီ