သုံးစွဲသူများ၏ အချက်အလက် ရယူစုဆောင်းသည်ကို နည်းပညာကုမ္ပဏီများ သိရှိကြောင်း NSA ပြောကြား

ပို့စ်တင်ချိန် - 3/28/2014 10:47:00 AM


NSA အနေဖြင့် အင်တာနက် စုံစမ်းထောက်လှမ်းရေး ပရိုဂရမ် PRISM ဖြင့်အချက်အလက်များ ရယူစုဆောင်းသည်ကို Google, Microsoft, Yahoo နှင့်အခြားသော နည်းပညာ ကုမ္ပဏီကြီးများက သိရှိကြကြောင်း၊ ၎င်းတို့အနေဖြင့် PRISM ဟူသည့် အမည်ကိုသာ မသိရှိကြခြင်းဖြစ်ကြောင်း NSA ၏ထိပ်တန်းရှေ့နေ တစ်ဦးဖြစ်သူ Rajesh De ကပြောကြားလိုက်သည်။

Rajesh D က PRISM သည် အစိုးရအတွင်း၌ အသုံးပြုသည့် အသုံးအနှုန်းဖြစ်ပြီး အများပြည်သူထံ ပေါက်ကြားခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါပရိုဂရမ်ဖြင့် အချက်အလက်များ ရယူစုဆောင်းခြင်းသည် ဥပဒေအရ မဖြစ်မနေလုပ်ဆောင်ရမည့် လုပ်ငန်းစဉ်ဖြစ်ပြီး မည်သည့်ကုမ္ပဏီမဆို လက်သင့်ခံရမည့် ကိစ္စရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

PRISM သည် Edward Snowden ကဂါးဒီးယန်းနှင့် ဝါရှင်တန်ပို့စ် သတင်းစာများထံ ပထမဦးဆုံးဖွင့်ချခဲ့သည့် ကိစ္စရပ်ဖြစ်သည်။ ထိုစဉ်ကအဆိုပါ ပရိုဂရမ်အနေဖြင့် ကုမ္ပဏီဆာဗာများထံမှ အချက်အ လက်တိုက်ရိုက်ရယူခြင်း သို့မဟုတ် သွယ်ဝိုက်သောနည်းလမ်းဖြင့် ရယူခြင်းဟုတ်မဟုတ် အသေအချာမသိခဲ့ရပေ။ သို့သော်နောက်ပိုင်းတွင် ကုမ္ပဏီများသည် အချက်အလက်များကို နည်းလမ်းအမျိုးမျိုးဖြင့် ပေးခဲ့ရကြောင်းနှင့် NSA အနေဖြင့်ခလုတ်တစ်ချက်ပင် မနှိပ်ရဘဲပစ်မှတ်၏ email များကိုဖတ်ရှုနိုင်ကြောင်း သိရသည်။

နည်းပညာကုမ္ပဏီကြီး Google ကလည်း အချက်အလက်များကို Secure FTP ဆာဗာတစ်ခုမှ တစ်ဆင့်အသုံးပြုခွင့် ပေးခဲ့ရပြီးတစ်ခါတစ်ရံတွင် လူကိုယ်တိုင်ပေးခဲ့ရကြောင်း Wired မှဖော်ပြခဲ့သည်။ သို့သော် Facebook ကမူ NSA ၏ တောင်းဆိုချက်များအား မည်ကဲ့သို့ပေးခဲ့ရသည်ဆိုခြင်းကိုမူ ဖော်ပြရန်ငြင်းဆိုခဲ့သည်။ ထိပ်တန်းရှေ့နေ De ၏ပြောကြားချက်များကို NSA ကမှတ်ချက်ပြုခဲ့ခြင်း မရှိသလို Apple, Yahoo, Facebook, Microsoft နှင့် Google တို့ကလည်း မှတ်ချက်တစ်စုံတစ်ရာ ပေးခဲ့ခြင်းမရှိပေ။

-နောင်နောင်
Ref: Mashable
Internet Journal