Samsung Galaxy S5 ၏ဈေးနှုန်း Galaxy S4 ထက်လျော့နည်းမည်

ပို့စ်တင်ချိန် - 3/26/2014 10:54:00 AM


Samsung ကုမ္ပဏီသည် ပြီးခဲ့သည့်လက မိတ်ဆက်ပေးခဲ့သည့် Samsung Galaxy S5 ၏အသေးစိတ် အချက်အလက်ကို ထုတ်ဖော်ပြောကြားခဲ့ပြီး ၎င်းစမတ်ဖုန်းသစ်ကို ဧပြီလ ၁၁ ရက်တွင်နိုင်ငံပေါင်း ၁၅၀ ထံစတင်ရောင်းချမည် ဖြစ်ကြောင်းကြေညာခဲ့သည်။ သို့သော်ရောင်းချမည့် တန်ဖိုးကိုတရားဝင် ကြေညာခဲ့ခြင်းမရှိပေ။



သို့သော်လည်း Samsung Galaxy S5 ၏တန်ဖိုးသည် Samsung Galaxy S4 မိတ်ဆက်စဉ်က ထက်လျော့နည်း သက်သာမည်ဟု ကိုရီးယားမီဒီယာ တစ်ခုကဖော်ပြခဲ့သည်။ အဆိုပါ ကိုရီးယား၏ဖော်ပြချက်အရ Samsung Galaxy S5 ၏စက်ရုံထုတ်ဈေးနှုန်းသည် အမေရိကန်ဒေါ်လာ ၇၄၄ ဖြစ်ကြောင်း၊ ထို့အတွက် Galaxy S4 စက်ရုံထုတ်ဈေးနှုန်း အမေရိကန်ဒေါ်လာ ၈၂၇ ထက်လျော့နည်းမည် ဖြစ်ကြောင်းသိရသည်။



Samsung Galaxy S5 တွင် Android 4.2.2 KitKat ကိုအသုံးပြုထားပြီး 1080x1920 pixel full-HD resolution ဖြင့်ဖော်ပြပေးနိုင်မည့် ၅.၁ လက်မ Super AMOLED display ပါဝင်မည်ဖြစ်သည်။ 2.5 GHz quad-core processor ကို 2GB RAM နှင့်အသုံးပြုထားပြီး 16GB နှင့် 32GB အမျိုးအစားဖြင့် ရရှိနိုင်မည်ဖြစ်သည်။ ထို့အပြင် microSD card မှတစ်ဆင့် 64GB အထိသိုလှောင်မှု ပမာဏတိုးချဲ့နိုင်သည်။



ဖုန်း၏ကျောဘက်တွင် 16-megapixel ကင်မရာပါဝင်ပြီး အရှေ့ဘက်တွင် 2.1-megapixel ကင်မရာပါဝင်သည်။ ကျောဘက်ကင်မရာသည် UHD ဗီဒီယိုကို 30fps ဖြင့် ရိုက်ကူးနိုင်ပြီး HDR နှင့် video stabilization function များဖြင့်လည်း ရိုက်ကူးနိုင်မည်ဖြစ်သည်။ ဖုန်း၏အလေးချိန်မှာ ၁၄၅ ဂရမ်ဖြစ်သောကြောင့် Galaxy S4 ထက်အနည်းငယ် ပိုလေးသည်။ အရွယ်အစားမှာ အမြင့် ၁၄၂ မီလီမီတာ၊ အကျယ် ၇၂ မီလီမီတာ၊ အထူ ၈.၁ မီလီမီတာ ဖြစ်သောကြောင့် Galaxy S4 ထက်အနည်း ငယ်ပိုထူသည်။



ဆက်သွယ်မှုများ အနေဖြင့် 4G LTE, Wi-Fi 802.11 a/b/g/n/ac, ANT+, Bluetooth 4.0, USB 3.0, MFC, Infrared remote စသည်တို့ပါဝင်သည်။ ဘက်ထရီမှာ 2800mAh ဖြစ်ပြီး ဖုန်းပြောသည့်အခါ ၂၁ နာရီခန့်သုံးနိုင်ကာ Standby အတွက် နာရီ ၃၉၀ အကြာအသုံးပြုနိုင်မည် ဖြစ်သည်။



-နောင်နောင်
Ref: NDTV
Internet Journal