ရင်ခုန်မျှော်လင့်နေတဲ့ Samsung Galaxy S5 သင်္ကြန်ပြီးရင် ရပြီ၊ ကြိုတင်မှာပါတဲ့

ပို့စ်တင်ချိန် - 3/29/2014 09:48:00 AM


ကမ္ဘာကျော် လက်ကိုင်ဖုန်း Samsung က ကြေညာထားတဲ့ Galaxy S5 ကို မြန်မာပြည်မှာ နှစ်ကူး အတာသင်္ကြန်အပြီးမှာ စတင်ရောင်းချတော့မယ်လို့ ပြောလိုက်ပါပြီ။ ဒါပေမယ့် ဧပြီ ၁ရက်နေ ၉ရက် အတွင်း ကြိုတင်မှာသူတွေကိုပဲ သီးသန့်ရောင်းချမှာလို့ဆိုပါတယ်။

ဧပြီ ၁၁ရက်နေ့မှာ တစ်ကမ္ဘာလုံးမှာ စတင်ဖြန့်ချိမှာဖြစ်ပေမယ့် မြန်မာပြည်မှာတော့ ၁ဝရက်နောက် ကျပြီးမှ ၂၁ရက်နေ့မှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။ Galaxy S5 ရဲ့ရောင်းဈေးက ကျပ် ၆သိန်း ၄သောင်း ၅ထောင်ဖြစ်ပြီး Gear 2 က ကျပ် ၂သိန်းခွဲ၊ Gear Fit က တစ်သိန်း၈သောင်းဖြစ်တယ်လို့ ဆိုပါတယ်။

စမတ်ဖုန်းတွေကို လူတိုင်းသုံးစွဲနိုင်ဖို့ ဈေးကြီးနေတာကြောင့် နိုင်ငံတကာမှာလို Smart Phone တွေကို ငှားရမ်းသုံးစွဲဖို့ Operator Market ပေါ်လာရင်တော့ လက်ရှိ မိုဘိုင်းလ်ဖုန်းလောက အဆပေါင်းများစွာ ကျယ်ပြန့်သွားနိုင်တယ်လို့ Galaxy S5 မိတ်ဆက်ပွဲမှာ ပြောဆိုခဲ့ပါတယ်။

အသစ်ထွက်လာမယ့် Samsung Galaxy S5 မှာတော့ နည်းပညာသစ်တွေဖြစ်တဲ့ Rich Tone, HDR Camera, Finger Print Recognition နဲ့ Heart Rate Monitor တို့ပါဝင်လာမှာဖြစ်ပါတယ်။ အရောင်ကတော့ အပြာ၊ အနက်၊ အဖြူနဲ့ ရွှေအိုရောင် လေးမျိုး ရှိပါတယ်။

ဆမ်ဆောင်းအနေနဲ့ သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို လေ့လာပြီး တီထွင်ထားတာကြောင့် လူကြိုက်များမယ်လို့ မျှော်လင့်တဲ့အကြောင်းနဲ့ လာမယ့် ဇူလိုင်မှာ ဖုန်းဆင်းကတ်တွေ လွတ်လွတ်လပ်လပ် စတင်ရောင်းချတဲ့အခါ Operator Market ကျယ်ပြန့်လာမယ်လို့ ဆိုပါတယ်။

Kamayut Media