မြန်မာနိုင်ငံရဲ့ ပထမဆုံး Selfie ဓာတ်ပုံပြိုင်ပွဲ ကျင်းပမည်

ပို့စ်တင်ချိန် - 3/24/2014 05:49:00 PM


စမတ်ဖုန်းသုံးစွဲနေသည့် လူငယ်များကြားတွင် ရေပန်းစားနေသည့် အပြုအမူတစ်ခုဖြစ်သည့် မိမိကိုယ်ကို ဖုန်းဖြင့်ဓာတ်ပုံပြန်ရိုက်နိုင်သော Selfie ကို နှစ်သက်သော လူငယ်များအတွက် ဓာတ်ပုံပြိုင်ပွဲတစ်ခုကို မြန်မာလူမှုကွန်ရက်စာမျက်နှာတစ်ခုက ကျင်းပပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။



မြန်မာနိုင်ငံ၏ ပထမဆုံး လူမှုကွန်ရက်စာမျက်နှာဟု ဖော်ပြထားသည့် အင်တာနက်ပေါ်မှ MySocial စာမျက်နှာကို တည်ထောင်ထားသူများက ကျင်းပပေးသည့် ပြိုင်ပွဲတစ်ခုဖြစ်ပြီး ယခုပြိုင်ပွဲအမည်မှာ Selfie Photo Contest ဖြစ်သည်။



ပြိုင်ပွဲဝင်လိုသူများသည် မိမိ၏ ဖုန်းကင်မရာဖြင့် မည်သူ့အကူအညီမျှမယူပဲ မိမိကိုယ်ကို ပြန်လည်ရိုက်ကူးသော ဓာတ်ပုံတစ်ပုံကို ဝင်ရောက်ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲဖြစ်သည်။ မြန်မာနိုင်ငံတွင် ပထမဆုံးပြုလုပ်သည့် Selfie Photo Contest ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်လိုသူများသည် မြန်မာဘာသာဖြင့် အသုံးပြုနိုင်သည့် MySocial လူမှုကွန်ရက်စာမျက်နှာတွင် Account တစ်ခုပြုလုပ်ရမည် ဖြစ်သည်။



ထို့နောက် MySocial Account ဖြင့် မိမိစိတ်ကြိုက် ရိုက်ကူးထားသော Selfie ဓာတ်ပုံတစ်ပုံကိုအဆိုပါ လူမှုကွန်ရက် စာမျက်နှာတွင် ပြိုင်ပွဲဝင်ရမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ကမ္ဘာသုံး လူမှုကွန်ရက်စာမျက်နှာဖြစ်သည့် Facebook ပေါ်တွင် ပြန်လည်မျှဝေခြင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်သည်ဟု  ၎င်းတို့၏ အင်တာနက်စာမျက်နှာများတွင် ရေးသားထားသည်။



လူနေမှုပတ်ဝန်းကျင်နှင့် မသင့်လျော်သည့် ဓာတ်ပုံများသည် ပြိုင်ပွဲဝင်ခွင့်ကို ရရှိမည်မဟုတ်ဘဲ ပြိုင်ပွဲဝင် Selfie ဓာတ်ပုံများတွင် Like အရေအတွက် အများဆုံးရရှိသည့် ပြိုင်ပွဲဝင် ဆယ်ဦးကို ရွေးချယ်မည်ဖြစ်ပြီး ထိုရွေးချယ်ခံရသော သူများအနက်မှ တစ်ဦးကိုသာ ရွေးချယ်မည်ဖြစ်သည်ဟု သိရသည်။



အဆိုပါ Selfie Photo Contest တွင် အနိုင်ရရှိသူသည် ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသည့် Parkson ကုန်တိုက်တွင် ဈေးဝယ်ယူနိုင်မည့် အမေရိကန်ဒေါ်လာ ၂၅၀ ကို ဆုအဖြစ် ရရှိမည်ဖြစ်သည်။



မြန်မာနိုင်ငံတွင် ပထမဆုံးပြုလုပ်သည့် Selfie ဓာတ်ပုံပြိုင်ပွဲနှင့် ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာဖြစ်သော Facebook ပေါ်ရှိhttps://www.facebook.com/SquarMyanmar နဲ့ http://mysquar.com/contests/mysocial-selfie-contest အင်တာနက်စာမျက်နှာများတွင် လေ့လာနိုင်ကြောင်း သိရသည်။ ပြိုင်ပွဲဝင်လိုသူများအနေဖြင့် ယခုလ ၁၉ ရက်မှ ၂၀၁၄ ဧပြီ၊ ၂ ရက်အထိ  ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။



Selfie ဆိုသော အသုံးအနှုန်းသည် စမတ်ဖုန်းများ၏ ကင်မရာဖြင့် မည်သူတစ်ဦးတစ်ယောက်၏ အကူအညီမျှမယူဘဲ မိမိကိုယ်ကို ဓာတ်ပုံရိုက်ကူးသည့် အလေ့အထများ ကမ္ဘာပေါ်တွင် ခေတ်စားလာပြီးနောက်ပိုင်း မကြာသေးမီအချိန်ကမှ ပေါ်ထွက်လာသော စကားလုံးအသစ်ဖြစ်သည်။ ထိုစကားလုံးကို တစ်နှစ်တာအတွင်း အကောင်းဆုံးစကားလုံးအဖြစ် Oxford အဘိဓာန်က ၂၀၁၃၊ နိုဝင်ဘာတွင် သတ်မှတ်ခဲ့သည်။



ယုဇနကိုကို
Internet Journal