SSPP/SSA တွင် တာဝန်ထမ်းဆောင်ခဲ့ဘူးသူအား စစ်တပ်အင်အား သုံးဆယ်ဖြင့် ဝင်ရောက်ဖမ်းဆီးမှုဖြစ်ပွား

ပို့စ်တင်ချိန် - 3/30/2014 10:43:00 PM


ကျောက်မဲ၊ မတ်လ ၃၀။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှ မိုင်းလုံ/မိုးကုတ်သို့ သွားရာလမ်းဖြစ်သည့် ၁၁မိုင်ယာဉ်ရပ်နားစခန်း (နန့်တဲကုန်း) တွင် နေထိုင်သူ စားသောက်ဆိုင်ပိုင်ရှင် ကိုအေးလွင်နေအိမ်သို့ ခမရ(၅၀၆)တပ်ရင်းမှ အင်အာား၃၀ဖြင့် ၀င်ရောက်ရှာဖွေ စစ်ဆေးမှုများ လုပ်ကာ လုပ်ကြံရှာဖွေပစ္စည်းများနှင့်အတူ အိမ်ရှင်ကိုအေးလွင်အား အဓမ္မခေါ်ဆောင်သွားသည်ဟု ကိုအေးလွင်၏ဇနီးက ပြောသည်။

အဆိုပါဖြစ်စဉ်မှာ မတ်လ၂၄ရက်နေ့၌ သီပေါမြို့နယ် နမ့်လန်အခြေစိုက် ခမရ(၅၀၆)တပ်ရင်းမှ တပ်အင်အား၃၀ဖြင့် မိုးမလင်းမီအချိန်တွင် အေးလွင်၏နေအိမ်အား ၀န်းရံတပ်ဖြန့်ထားကြောင်း၊ နံနက်၇း၀၀နာရီအချိန်ရောက်တွင် ၎င်းစစ်တပ်မှ ဝင်ရောက်ရှာဖွေ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း၊ ကိုအေးလွင်အား ထိန်းသိမ်းထားပြီး အိမ်တွင်းမိသားစုများနှင့်အတူ ၎င်းစစ်တပ်မှ နေရာအနှံ့ဝင်ရောက် ရှာဖွေသော်လည်း တစ်စုံတစ်ရာ ဘာပစ္စည်းအထောက်အထား မတွေ့ရ၍ ၉း၀၀နာရီအချိန်တွင် ထပ်မံရှာဖွေခဲ့ကြောင်း၊ ရှာဖွေ မတွေ့သော်လည်း ယင်းစစ်တပ်သည်ထွက်ခွာသွားခြင်း မရှိဘဲ ၎င်းနေအိမ်တွင် တပ်ဖြန့်ထားလျက်ရှိနေကြောင်း၊ အဆိုပါ နေအိမ်မှာ တောင်ကုန်းပေါ်တွင်ရှိနေပြီး တောင်အောက် လမ်းဘေး၌ စားသောက်ဆိုင် ဖွင့်ထားသောကြောင့် မိသားစုဝင်များက ဈေးရောင်းရန် စားသောက်ဆိုင်အလုပ်များကို ပုံမှန်အတိုင်း ၀င်ရောက်လုပ်ကိုင်နေချိန် နေ့၂း၀၀နာရီ အချိန်အရောက်တွင် အဆိုပါ စစ်သားများက အိမ်ရှင်ခွင့်ပြုချက် မရှိဘဲ နေအိမ်အတွင်းသို့ ထပ်မံရှာဖွေရာ မူးယစ်ဆေးဝါး (၁၃)ပြားနှင့် အစိုးရစစ်သုံး လက်ပစ်ဗုံးတွေ့သည်ဟု ရှာဖွေစစ်သား တစ်ဦးက အိမ်ပေါ်မှ အော်ပြောသောကြောင့် ဈေးရောင်းနေကြသော ကိုအေးလွင် မိသားစုများက ရှာဖွေပစ္စည်းများကို ပြသရန် မေးသော်လည်း ရှာဖွေပစ္စည်းဆိုသည်ကို မပြဘဲ ယင်းစစ်တပ်ဗိုလ်ကြီးတစ်ဦးက ရှာဖွေပစ္စည်းများကို ဓါတ်ပုံရိုက်သိမ်းထားလိုက်ပြီဟုဆိုကာ ကိုအေးလွင်အား ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု မိသားစုများက ဆိုသည်။

၎င်းခမရ(၅၀၆)အစိုးရ တပ်ရင်း၏လုပ်ရပ်အပေါ် ကိုအေးလွင်၏ ဇနီးမနန်းလှလှဝင်းက “ကျွန်မတို့ကို တစ်စုံတစ်ရာ အကြောင်းပြချက်မပြောဘဲ မိုးမလင်းခင် အိမ်ကိုဝိုင်းပြီး ကျမယောင်္ကျားကို စစ်ဆေးထိန်းသိမ်းတော့တာပါပဲ။ သူတို့မသင်္ကာလို့ အိမ်ကိုအနှံ့ရှာဖွေတယ်။ ဘုရားစင်ကအစ အိပ်ခန်းအိပ်ရာကုတင်ပေါ်/ကုတင်အောက် အနှံ့ရှာဖွေတယ်။ ပြီးတော့ အိမ်ဝန်းကျင်အပြင်ဖက်ရှာတယ် ဘာမှမတွေ့ဘူးလေ။ ကျွန်မတို့လည်း ကိုယ့်အလုပ်ကို လုပ်နေတာပေါ့။ ကျွန်မ ယောက်ကျာင်္းကိုတော့ သူတို့ဗိုလ်ကြီးနားမှာ ထိန်းသိမ်းထားတယ်။ သူတို့ဘာလုပ်ချင်နေတာလဲဆိုတာ ကွဲကွဲပြားပြား မသိရဘူး။ သူတို့သဘောနဲ့သူတို့ ရှာပြီးမသင်္ကာဖွယ်ပစ္စည်းတွေ့တယ်ဆိုပြီး လုပ်တော့တာပါပဲ။ တကယ်ဆိုဒီလို မဖြစ်သင့်ဘူးလေ။ ကျွန်မတို့မိသားစုနဲ့ ရှာဖွေသင့်တာပေါ့၊ ခုတော့သက်သက်မဲ့လုပ်ကြံဖန်တီးခံရသလို ခံစားရတယ်။ ကျွန်မယောက်ကျားက မူးယစ်ဆေးဝါးသုံးစွဲသူ မဟုတ်ဘူး၊ အရက်/ဘီယာဆေးလိပ်ကအစ သောက်စားတာမရှိဘူး၊ သူမှာကအရင်တုန်းက အစာအဆိပ်သင့်ထားတဲ့ ရောဂါကြောင့် အသဲတစ်ခြမ်းမကောင်းဘူး၊ နေ့တိုင်းဆရာဝန်မှာကြားတဲ့ အသဲအားတိုးဆေးစားနေရတာပါ။ ဆရာဝန်ဆေးစာတွေ ရှိပါတယ်။ ကျွန်မတို့က ကောင်းရောင်း/ကောင်းဝယ် လုပ်စားနေတာပါ”ဟု အဖမ်းခံရသူ ကိုအေးလွင်၏ ဇနီးကဆိုသည်။

အထက်ပါအစိုးရစစ်တပ်(၅၀၆)မှ လာရောက်ဖမ်းဆီး ရှာဖွေရာတွင် သက်ဆိုင်ရာ နယ်မြေခံ ရဲတပ်ဖွဲ့နှင့် အခြား အသိသက်သေ ဒေသခံများ၊ ရပ်မိ/ရပ်ဖများ မပါဘဲ ယခုလို ဥပဒေနှင့် မညီသည့် လုပ်ရပ်များနှင့် ဖမ်းဆီးခံရခြင်းဟု ၎င်းကိုအေးလွင် မိသားစုက ဆက်လက် ပြောဆိုထားသည်။

ဖမ်းဆီးခံရသူ ကိုအေးလွင်ကိုယင်း(၅၀၆)စစ်တပ်မှ ကျောက်မဲမြို့ အခြေစိုက်အမှတ်(၁)စစ်ဆေးရေး ကွပ်ကဲရေးဌာနချူပ် (စကခ)သို့ အပ်နံပြီး ၎င်းဌာနမှ ဗိုလ်မှုးသန်းထွန်းဦး ဆိုသူက တိုင်စာနှင့်အတူ ကိုအေးလွင်ကို တရားခံအဖြစ် ကျောက်မဲမြို့မ ရဲစခန်းသို့ ယင်းနေ့ ၂၄ရက်နေ့ညတွင် လာရောက်အပ်နှံခဲ့ကြောင်း အဆိုပါ ကျောက်မဲမြို့မ ရဲစခန်းမှ သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယခုလိုစစ်ဆေးဖမ်းဆီးရှာဖွေရာတွင် ဥပဒေအရအသိသက်သေဖြစ်သည့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် ဒေသခံများကို ခေါ်ယူ၍စစ်ဆေးရှာဖွေခြင်း လုပ်သင့်/မလုပ်သင့်ကို ကျောက်မဲမြို့မ စခန်းမှူးအားမေးရာ ၎င်းစခန်းမှုးက “ဒီကိစ္စအပေါ်မှာတော့ တရားလိုကို မေးရင်ပိုကောင်းပါတယ်”ဟု ပြောသည်။

အဆိုပါ ဖမ်းဆီးခံရသူနှင့် ပတ်သက်ပြီး အကြောင်းအခြေခံများကို ဆက်စပ်၍ ကိုအေးလွင်၏ ညီဖြစ်သူက “ကျွန်တော့် အစ်ကိုက လွန်ခဲ့တဲ့(၁၅)နှစ်တုန်းက SSPP/SSA အဖွဲ့အစည်းထဲမှာ ရှမ်းစာပေ တတ်မြောက်ရေးအတွက် ၀င်ရောက် လုပ်ကိုင် ခဲ့ဘူးပါတယ်။ တောင်ပေါ် တိုင်းရင်းသားတွေဟာ စာမတတ်ကြတာ များတယ်။ စာပေနဲ့ယဉ်ကျေးမှုအပိုင်းတွေကို အစ်ကိုကတာဝန်ယူ သင်ကြားပြသခဲ့တာပါ။ လက်နက်ကိုင်ခဲ့တာ မဟုတ်ပါဘူး။ ဒါကိုကြည့်ပြီး အစိုးရစစ်တပ်က သံသယဖြစ်လို့ အခုလိုမတရားဖမ်းခံရတယ်လို့ပဲ မြင်ပါတယ်”ဟု ၎င်းညီဖြစ်သူုက ဝေဖန်ပြောဆိုထားသည်။

ယင်းကြောင့်ဖမ်းဆီးခံရသူ ကိုအေးလွင်ကွင်းဆက်နှင့် ပတ်သက်၍ SSPP/SSAအဖွဲ့အစည်းမှ အရာရှိတစ်ဦးအားမေးရာ “လွန်ခဲ့တဲ့(၁၅)နှစ်ကကိုအေးလွင်ဟာ ကျွန်တော်တို့တပ်ဖွဲ့ထဲမှာ ရှမ်းစာပေယဉ်ကျေးမှုအပိုင်းကို တာဝန်ယူ လုပ်ကိုင် ခဲ့ဘူးပါတယ်၊ ခုတော့သူဟာ ကျန်းမားရေးမကောင်းလို့ အနားယူနေသူပါ။ ကျွန်တော်တို့အဖွဲ့နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး ဒီလိုဥပဒေမဲ့ လုပ်ရပ်မျိုးလုပ်မယ်ဆိုရင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်ဥပဒေကျင့်ဝတ်/စည်းကမ်းနဲ့ မကိုက်ညီဘူးလို့ ပြောရမှာဖြစ်တယ်။ အရင်စစ်အုပ်ချုပ်ရေးအရ သူဟာလက်နက်ကိုင် မဟုတ်ပေမယ့် ကျွန်တော်တို့က ရဲဘော်လို့ပဲ ခေါ်ပါတယ်။ အဲ့လိုအနေအထားကြောင့် ကျွန်တော်တို့ တပ်ဖွဲ့နဲ့မယုံသင်္ကာဖြစ်ပြီး ထောင်ချောက်ဆင် ဖမ်းသွားတယ်လို့ ပြောချင်ပါတယ်။ ဘယ်တိုင်ရင်းသားမဆို စစ်မှုထမ်းပြီး နားနေချိန်မှာ စစ်စည်းကမ်း/ကျင့်ဝတ်အရ ဖမ်းဆီးချုပ်နောင်လုပ်ကြံတာ မဖြစ်သင့်ဘူး။ ဒီလိုတာလုပ်ကြေးဆိုရင် လက်ရှိ ဦးသိန်းစိန်အစိုးရဟာ အရင်က စစ်သားဖြစ်ခဲ့တယ်။ အခုအရပ်သားဖြစ်နေတဲ့အတွက် သူတို့အုပ်ချုပ်တဲ့ အစိုးရကိုစစ်တပ်အစိုးရလို့ ခေါ်ရမလား၊ ဒီမိုကရေစီအစိုးရလို့ခေါ်ရမလား ဖြစ်နေပြီ၊ ဒီလိုပဲအဖမ်းခံရတဲ့ ကိုအေးလွင်ဟာ အရပ်သားဖြစ်နေပြီ။ အစိုးရစစ်တပ်က စစ်မှုထမ်းတွေလည်း ကျွန်တော်တို့ ထိန်းချုပ်နယ်မြေထဲမှာ ရှိနေတာပဲ သူတို့ကိုအစိုးရနဲ့ ပါဝင်ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးစစ်ဆေးရမှာလား ပြောချင်တယ်။ ဒါဟာမဖြစ်သင့်တဲ့ ကိစ္စမျိုးပါ။ ကျွန်တော်တို့အဖွဲ့က ဒီလိုလုပ်ရပ်မျိုး မလုပ်ခဲ့ ဘူးပါဘူး။ ဒီကိစ္စအပေါ်ကျွန်တော်တို့ကလည်း ဥပဒေအတိုင်း လုပ်သွားမှာပါ”ဟု အထက်ပါSSA အရာရှိတစ်ဦးက သုံးသပ်ပြောဆိုထားသည်ကို သိရသည်။

အဆိုပါအဖမ်းခံရသူကိုအေးလွင်မှာအသက်(၄၃)နှစ်အရွယ်ရှိပြီး အဘ-ဦးစိန်နနှင့် အမိဒေါ်အေးဖောင်တို့၏ သားဖြစ်ကြောင်း၊ ကျောက်မဲမြို့မ ရဲစခန်းမှ ၎င်းအား ပ/၁၅၊ ရှမ်းပြည်နယ် လက်နက် ဥပဒေပုဒ်မ(၁၂)ဖြင့် တရားစွဲ ခံထားရကြောင်းကိုလည်း ရဲစခန်းမှ သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျောက်မဲမြို့နယ်အနီးဝန်းကျင်ရွာများမှ ဒေသခံများကလည်း ကိုအေးလွင်ဆိုသူမှာ ရိုးသားပြီးပရဟိတစိတ် အပြည့်ရှိသူဖြစ်ကြောင်း၊ ယခုလိုအဖမ်းဆီးခံရခြင်းသည် အစိုးရရှေ့တန်း စစ်တပ်မှ စစ်ရေးအရ အမြင်မုန်းတီးမှုများ ရှိနေခြင်းကြောင့် ဖြစ်ရသည်ဟု ၎င်းဒေသခံများက ဝေဖန်သုံးသပ် ပြောဆိုထားသည်။

ယင်းဖြစ်စဉ်ကြောင့် အဖမ်းခံရသည့် ကိုအေးလွင်အား တရားဥပဒေအရ မည်ကဲ့သို့ စိစစ်ပြီးဆောင်ရွက်သွားမည်ကိုလည်း ၎င်း၏မိသားစုဝင်များက စိုးရိမ်နေကြပြီး၊ တိုင်းရင်းသား ပြည်သူများ၏ ဘ၀လုံခြုံရေးအတွက် မြန်မာနိုင်ငံ၏ ဥပဒေပြုရေး မဏ္ဍိုင်သည် ပြည်သူများအတွက် အာမခံချက် အပြည့်အ၀နှင့် တရားဥပဒေ စိုးမိုးမှုရှိ/မရှိ ဆိုသည်ကို သိလိုသည်ဟု အဆိုပါ မိသားစုဝင်များနှင့် အနီးဝန်းကျင် ဒေသခံများက ဆိုသည်။

ထွန်းထွန်း
The Myanma Age