မိုဘိုင်းကွန်ရက်အတွင်း အသုံးပြုနိုင်သည့် ဝန်ဆောင်မှုအားလုံး အသုံးပြုခွင့်ပေးမည်ဟု Telenor ပြောဆို

ပို့စ်တင်ချိန် - 3/11/2014 07:54:00 PM


လက်ရှိအသုံးပြုနိုင်ခြင်းမရှိသည့် MMS (Multimedia Messaging Service) ဝန်ဆောင်မှုအပြင် မိုဘိုင်းဖုန်းကွန်ရက်အတွင်း၌ အသုံးပြုနိုင်သည့် အခြားသော ဝန်ဆောင်မှုအားလုံးကို အသုံးပြုခွင့် ပေးသွားမည်ဟု Telenor က ပြောဆိုခဲ့သည်။

“လက်ရှိကျန်နေသေးတာကို ပြောရမယ်ဆိုရင် လူတိုင်းလည်း အသုံးလိုကြတဲ့ MMS ဝန်ဆောင်မှုကို ဖွင့်ပေးဖို့လိုတယ်။ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ပို့ချင်တယ်ဆိုရင် အခု Viber ကနေတစ်ဆင့် ပို့နေရတယ်။ 3G ကွန်ရက်ထဲမှာ ဖွင့်ပေးဖို့ဆိုရင် ဒီဝန်ဆောင်မှုလိုသေးတယ်” Mobile Technical တစ်ဦးဖြစ်သူ ဦးထင်အောင်က ပြောသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် Call Wait Service, Call Forward Service, Voice Mail Servie နှင့် Missed Mail Alert တို့ကို GSM ဖုန်းလိုင်းများနှင့် WCDMA ဖုန်းလိုင်းများအတွက် နိုဝင်ဘာလအတွင်း အသုံးပြုခွင့်ပေးခဲ့သည်။

ပိတ်ပင်ထားသော ဝန်ဆောင်မှုတစ်ခုနှင့်အတူ အခြားသော ဝန်ဆောင်မှုများကို SMS စနစ်ဖြင့် ကိုယ်တိုင်ဖွင့်လှစ်အသုံးပြုနိုင်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက စီစဉ်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတကာတွင်း ခေတ်စားနေသည့် Vedio Call ဝန်ဆောင်မှုများနှင့် အခြားသော ဝန်ဆောင်မှုတချို့ကိုမူ မြန်မာ့ဆက်သွယ်ရေးအနေဖြင့် ဝန်ဆောင်မှုပေးအပ်နိုင်ခြင်း မရှိခဲ့ပေ။

“ဖုန်းလိုင်းတွေ စတင်ပြီး ရောင်းတယ်ဆိုကတည်းက ကွန်ရက်ထဲမှာရှိတဲ့ အခြေခံဝန်ဆောင်မှုတွေ အကုန်လုံး သုံးလို့ရပါမယ်။ အင်တာနက်ကွန်ရက်ထဲက ဝန်ဆောင်မှုတွေလည်း အကုန်ရမယ်။ တချို့သော ဘဏ်နဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုတွေ၊ ကျန်းမာရေး၊ ပညာရေးနဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှုတွေကတော့ တစ်ဖြည်းဖြည်းရလာမှာပါ။ ဒါတွေကို ကျေးလက်ဒေသအထိ တတ်နိုင်တဲ့ဈေးနှုန်းနဲ့ အသုံးပြုနိုင်အောင်စီစဉ်မှာပါ” ဟု Telenor အာရှဒေသအကြီးအကဲဖြစ်သူ Mr. Sigve Brekke က ပြောသည်။

အသုံးပြုလိုသူများသည် မြန်မာ့ဆက်သွယ်ရေး၏ မိုဘိုင်းဖုန်းကွန်ရက်အတွင်း၌ Voice Mail ကဲ့သို့သော ဝန်ဆောင်မှုများကို လက်ခံအသုံးပြုလိုသော်လည်း ဝန်ဆောင်မှုနှုန်းထားနှင့် မိုဘိုင်းဖုန်း၏ ဆက်သွယ်မှုဧရိယာပြင်ပ မကြာခဏ ရောက်ရှိနေတတ်ခြင်းကြောင့် အသုံးပြုရန် အခက်အခဲများ ကြုံတွေ့နေရသည်ဟု စမ်းသပ်အသုံးပြုသူ တချို့က ဝေဖန်သည်။

မြင့်ကျော်လှိုင်
Internet Journal