၆၀ မီလျံဒေါ်လာဖြင့် Titan Aerospace ကုမ္ပဏီကို ဝယ်ယူရန် Facebook မှ ကြိုးပမ်း

ပို့စ်တင်ချိန် - 3/05/2014 01:45:00 PM


မတ်လ ၅။

Facebook မှ ဒရုန်းများ ထုတ်လုပ်သည့် Titan Aerospace ကုမ္ပဏီကို အမေရိကန် ဒေါ်လာ ၆၀ မီလျံဖြင့် ဝယ်ယူရန် ဆွေးနွေးညှိနှိုင်းနေကြောင်း TrenchCrunch နှင့် CNBC မှ သတင်းများ အရ သိရှိရသည်။ ဝေးကွာသော ဒေသများတွင် အင်တာနက် သုံးစွဲနိုင်ရန် အခွင့်အလမ်းများ ပေးဆောင်နိုင်မည့် Facebook ၏ စီမံကိန်းများအတွက် အရေးပါသော ခြေလှမ်းဖြစ်သည်။

Facebook ၏ ပြောရေးဆိုခွင့် ရှိသူ တပ်ကာဘောင်းမှ ကုမ္ပဏီနှင့် ပတ်သက်သည့် ကောလဟာလ ပြောဆိုချက်များကို မှတ်ချက်ပေးရန် မရှိကြောင်း ပြောဆိုခဲ့ပြီး Titan Aerospace မှ မှတ်ချက်ပေးမှု မရှိခဲ့ပေ။

Facebook မှ Titan Aerospace ကို ဝယ်ယူနိုင်ခဲ့လျှင် အင်တာနက် အဖွဲ့အစည်း စီမံချက်အတွက် အရေးပါသော ဝယ်ယူမှု ဖြစ်လာမည် ဖြစ်သည်။ အင်တာနက် အဖွဲ့အစည်း စီမံချက်ကို Facebook ဦးဆောင်ပြီး Qualcomm ၊ Samsung နှင့် Nokia တို့ ပါဝင်သည်။

၎င်းစီမံချက်၏ ရည်ရွယ်ချက်မှာ ကမ္ဘာ့လူဦးရေ ၇ ဘီလျံမှ အင်တာနက် သုံးစွဲမှု မရှိသေးသည့် လူဦးရေ ၅ ဘီလျံကျော် ကို အင်တာနက် သုံးစွဲနိုင်ရန် ဖြစ်သည်။

Titan Aerospace မှ နေရောင်ခြည် စွမ်းအင်သုံး ဂြိုလ်တုများကို တစ်ကမ္ဘာလုံး လွှမ်းခြုံပြီး ကြိုးမဲ့စံနစ်သုံး အင်တာနက် ကြားခံများ အဖြစ် အသုံးပြုနိုင်မည် ဖြစ်သည်။

အင်တာနက် အဖွဲ့အစည်းတွင် ပါဝင်မှု မရှိသော ဂူဂယ်လ် ကုမ္ပဏီမှလည်း ယမန်နှစ်က ကမ္ဘာပေါ်ရှိ လူအားလုံး အင်တာနက် သုံးစွဲနိုင်ရန် အစီအစဉ် Project Loon ကို စတင်ခဲ့သည်။ ဟီလီယံဘောလုံးများပေါ်တွင် အင်တာနက်လှိုင်း ထုတ်လွှင့်သည့် အန်တာနာများကို တပ်ဆင်ရန် ကြိုးပမ်းခြင်း ဖြစ်သည်။

Titan ကုမ္ပဏီ၏ ဒရုန်းပုံစံကဲ့သို့သော ဂြိုလ်တုများကို ဆက်လက် ဖွံ့ဖြိုးစေရန် ဆောင်ရွက်ရဦးမည် ဖြစ်ပြီး စီးပွားရေးအရ သုံးစွဲနိုင်ခြင်း မရှိသေးပေ။ ဂြိုလ်တုများမှာ လေထုထဲတွင် ငါးနှစ်ခန့် တည်ရှိနိုင်မည် ဖြစ်သည်။ Titan မှ ဒရုန်းများကို ကမ္ဘာ့လေထု ဆိုင်ရာ စောင့်ကြည့်မှုများ၊ ရာသီဥတုဆိုင်ရာ ပြောင်းလဲမှုများကို စောင့်ကြည့်ခြင်းများ၊ သဘာဝ ဘေးအန္တရာယ်များကို တုံ့ပြန်မှုများ၊ အသံနှင့် သတင်းအချက်အလက် ပေးပို့ဖလှယ်ခြင်းများတွင် သုံးစွဲနိုင်မည် ဖြစ်သည်။

REF: AP
The Myanma Age