ANP ဗဟိုကော်မီတီဝင် ဦးသိန်းမောင် ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် စစ်တွေထောင်တွင် ကွယ်လွန်

ပို့စ်တင်ချိန် - 4/12/2014 02:16:00 PM



(နိရဉ္စရာ- ၁၂ ဧပြီ ၂၀၁၄)

ရခိုင်အမျိုးသားပါတီ ( ANP) မှ ဗဟိုကော်မီတီဝင် ဦးသိန်းမောင်သည် စစ်တွေ ထောင်ထဲတွင် အန်ဂျီအိုရုံးများ တိုက်ခိုက်ခံရမူနှင့် ဆက်စပ် ဖမ်းဆီး ထိန်းသိမ်း ခံထားရစဉ် ကွယ်လွန်သွားခဲ့သည်ဟု သတင်း ရရှိသည်။


ကွန်လွန်ချိန်တွင် အသက် (၅၇) နှစ်သာ ရှိသေးသော ဦးသိန်းမောင်သည် စစ်တွေဆေးရုံကြီးတွင် ယမန်နေ့ (သောကြာနေ့)  ညဥ့် ၁၀ နာရီကျော် အချိန်တွင် ကွယ်လွန်သွားခဲ့သည်ဟု သားကြီးဖြစ်သူ နိုင်ငံရေး အကျဉ်းသား ကိုနိုင်စိုးက ပြောသည်။

“ မနေ့ညဥ့် ၁၀ နာရီ ၃၅ မိနစ်မှာ စစ်တွေ ဆေးရုံကြီးမှာ ဆုံးသွားပါတယ်။ ဆရာဝန်ပြောတာကတော့ ဥဏှောက်သွေးကြောပေါက်တဲ့ အတွက် ဆုံးသွားတာ ဖြစ်တယ်လို့ ပြောပါတယ်” ဟု ကိုနိုင်စိုးကဆိုသည်။

သို့သော်လည်း သူ့ဖခင် သေဆုံးရခြင်းမှာ အာဏာပိုင်များ၏ ဥပဒေမဲ့ ပြုကျင့်မူကြောင့် စိတ်ပိုင်းဆိုရာ ထိခိုက်ရာမှ သေဆုံးသွားခြင်း ဖြစ်ကြောင်း သူက ဆက်ဆိုသည်။

“ ကျွန်တော်တို့ အဖေတို့ကို မတ်လ ၃၁ ရက်နေ့ ညဥ့် ၁ နာရီမှာ ဖမ်းပါတယ်။ ဖမ်းပြီး နောက်တစ်နေ့မှာ တရားရုံးက ရမန်ယူမယ်ဆိုပြီး တရားရုံးကို ထောင်ကားနဲ့ ခေါ်သွားပါတယ်။ အဲဒီ ထောင်ကားမှာ ဖမ်းဆီးခံထားရတဲ့ ၁၂ ဦးစလုံးကို နံနက်က ၁၀ နာရီကနေ နေ့လယ်  ၁ နာရီ ကျော်တဲ့ အထိ နေပူထဲမှာ ရေလည်းမတိုက်၊ ထမင်းလည်း မကျွေးဘဲ ထားတယ်။ အဲဒီမှာ အပူဒဏ်မိပြီး ကျွန်တော် အဖေနဲ့ အသက် ၇၀ အမျိုးသမီးကြီး တစ်ဦး သတိလစ်သွားခဲ့ပါတယ်။ ကျွန်တော် အဖေက လုံးဝ သတိမရတော့တဲ့ အတွက် ဆေးရုံကို တင်ရတယ်။ အဲဒီလို စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မူ ခံရတဲ့ အတွက် ကျွန်တော် အဖေ ဆုံးသွားတာ ဖြစ်တယ်လို့ ကျွန်တော်က ယူဆပါတယ်” ဟု သူက ပြောသည်။

ဦးသိန်းမောင် ရုပ်အလောင်းအား မနက်ဖြန် တနင်္ဂနွေနေ့ နေ့လယ် ၂ နာရီတွင် သဂြိင်္ုလ်မည်ဟု သိရသည်။

ကွယ်လွန်သွားခဲ့သည် ဦးသိန်းမောင်တွင် ဇနီး ဒေါ်ခင်မာဦးနှင့် သားကြီး ကိုနိုင်စိုး၊ သမီး မခင်မျိုးလိုင်၊ သမီး မချစ်အိလိုင်၊ သားထွေး ရဲနိုင်စိုး၊ မြေးတစ်ဦးကျန်ရစ်ခဲ့သည်။


ယင်းပြင် ဦးသိန်းမောင်၏ ညီအစ်မ ဖြစ်သူ ဒေါ်ခင်မြ၀င်းမှာလည်း သတိလစ်သွားသဖြင့် ယခုအခါ စစ်တွေဆေးရုံတွင် တင်ထားရသည်ဟု သိရသည်။

“ ကျွန်တော် အဒေါ်က စိတ်ပိုင်းဆိုရာ အရ တော်တော့ကို ထိခိုက်သွားတယ်လို့ ထင်ရပါတယ်။ အမျိုးသားတွေကို မြင်ရင် ကြောက်ပြီး ထွက်ပြေးပါတယ်။ အခုတော့ သတိ ပြန်ရပြီလို့ ကြားရပါတယ်” ဟု ပြောသည်။

ဖမ်းဆီးခံထားရသူများအား ယနေ့အချိန်ထိ ထောင်ဝင်စာ တွေ့ခွင့်မရဘဲ ပိတ်ပင်ခံထားရသည်ဟုလည်း သိရသည်။

Narinjara